DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ပတ်စ်ပို့ ပြုလုပ်ရန် အွန်လိုင်းမှ ရက်ချိန်းယူရမည့်စနစ် စတင်ကျင့်သုံး
DVB
·
March 14, 2022
ရန်ကုန်တွင် ပတ်စ်ပို့ ပြုလုပ်ရန် အွန်လိုင်းမှ ရက်ချိန်းယူရမည့်စနစ် စတင်ကျင့်သုံး
Donate to DVB

နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) လျှောက်ထားလိုသူတွေအနေနဲ့ ရန်ကုန်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ မတ် ၁၄ ရက် ဒီကနေ့ကစလို့ Online Booking စနစ်နဲ့ ရက်ချိန်းယူတဲ့စနစ်ကို စတင်ပြောင်းလဲ ကျင့်သုံးနေပါတယ်။

ပတ်စ်ပို့ လျှောက်ထားမယ့်သူတွေ တနေ့ကိုထောင်ချီရှိနေပြီး အချိန်အကြာကြီး တန်းစီရတာ၊ ကိုဗစ်-၁၉ အန္တရာယ် စိုးရိမ်ရတာတွေကြောင့်ဖြစ်တယ်လို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့က ဆိုပါတယ်။

နိုင်ငံကူးလက်မှတ်လျှောက်ထားမယ့်သူတွေအနေနဲ့ ဝက်ဘ်ဆိုက်မှာ လျှောက်ထားသူ တယောက်ချင်းစီရဲ့ အမည်၊ အဘအမည်၊ မွေးနေ့၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ကျား၊ မ စတဲ့ အချက်အလက်တွေကို ဖြည့်သွင်းပြီး Online Booking ရက်ချိန်းရယူနိုင်ကြပြီလို့ လက်မှတ်ထုတ်ပေးရေးအဖွဲ့က ဆိုပါတယ်။

Online Booking ပြုလုပ်သူရဲ့ email ဆီကို ပေးပို့ထားတဲ့ Passport Online Appointment Letter ကို စာရွက်မှာ ပရင့်ထုတ်ပြီးတော့ဖြစ်ဖြစ်၊ QR ကုဒ်ပါတဲ့စာမျက်နှာကို ဖုန်းမှာ သိမ်းပြီးတော့ဖြစ်ဖြစ် ရက်ချိန်းရယူထားတဲ့ မှတ်တမ်းကို ယူဆောင်လာပြီးမှ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)ကို လာရောက်လျှောက်ထားရမှာ ဖြစ်ပါတယ်။

လာမယ့် မတ် ၂၁ ရက်ကစလို့ Online Booking စနစ်နဲ့ ရက်ချိန်းရယူပြီးမှ ရုံးတွင်းကို ဝင်ရောက်လျှောက်ထားနိုင်တဲ့စနစ်ကို ပြောင်းလဲကျင့်သုံးသွားမယ်လို့လည်း ဆိုပါတယ်။

“ဒီစနစ်က နည်းနည်းပိုကောင်းသွားမယ်လို့ ထင်တယ်။ ပတ်စ်ပို့ထုတ်ပေးတာက အရင်က တမင်တင်းကျပ်ထားခဲ့ပြီး နောက်မှ ဖြည်းဖြည်းစီ လျှော့ပေးလာခဲ့တာလေ။ အခုလို သူတို့ တကယ် လုပ်ပေးနိုင်ရင် ကောင်းတာပေါ့။ မဟုတ်ရင် မနက်အစောကြီးကပဲ သွားတန်းစီနေကြရတာ။ လျှောက်တဲ့သူတွေကလည်း တရက်ထက် တရက် ပိုများလာလား မှတ်ရတယ်” လို့ ရန်ကုန်မြို့ခံတယောက်က ပြောပါတယ်။

တန်းမစီလိုတဲ့သူတွေ၊ ငွေကြေးတတ်နိုင်တဲ့သူတွေက ပွဲစားတွေကို အခကြေးငွေပေးပြီး လုပ်ဆောင်ခိုင်းတာရှိသလို ပတ်စ်ပို့ရုံးဝန်ထမ်းတွေက လာဘ်ငွေယူပြီး လုပ်ဆောင်ပေးနေတာလည်း ရှိပါတယ်။ 

Online Booking စနစ်နဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို https://www.passport.gov.mm/မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါ​တယ်။

လက်ရှိမှာ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေနဲ့ ရန်ကုန်မြို့က မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးမှာ တရက်ကို မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူ အယောက် ၂၅၀၀ လောက်ကို နေ့တိုင်း ဆောင်ရွက်ပေးနေရတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013