
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်မြို့နယ်တွေနဲ့ မကွေးတိုင်း ဆောမြို့နယ်တွေမှာ စစ်အာဏာရှင်တပ်ရဲ့ အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်မှုတွေကြောင့် ဒေသခံ သောင်းနဲ့ချီ စစ်ဘေးတိမ်း ရှောင်နေရသလို၊ စစ်တပ်ရဲ့ ဖြတ်လေးဖြတ် ဗျူဟာကြောင့် အခြေခံရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှု အန္တရာယ်ကြီးနဲ့ အရေးပေါ် ရင်ဆိုင်နေရပါတယ်။
စစ်တပ်က ချင်းတောင်ပိုင်းက မြို့တွေကို ပြန်လည်ထိန်းချုပ်ဖို့အတွက် မကွေးတိုင်းဘက်ကနေ အင်အား ၂,၀၀၀ ဝန်းကျင် ဖြည့်တင်းပြီး ညှပ်ပိတ်ထိုးစစ်ဆင်နေတာပါ။
မေလလယ်ပိုင်းတည်းက ထိုးစစ်ဆင်နေပေမဲ့ ခုချိန်ထိ ရှေ့ဆက်မတက်နိုင်တာကြောင့် မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ဗုံဆက်တိုက် ကြဲချနေသလို ဇွန် ၈ ရက်မှာ လောင်းရှည်ဘက်ကနေ စစ်ကားတွေနဲ့ တပ်အင်အား ၃၀၀ ထပ်ပို့လာတဲ့အကြောင်း မြေပြင်ရဲဘော်က DVB ကို ပြောပါတယ်။
ချင်းတောင်ပိုင်း စစ်မျက်နှာမှာ စစ်တပ်က မင်းတပ်မြို့ကို အဓိကပစ်မှတ်ထားပြီး စစ်ကြောင်း ၃ ကြောင်းနဲ့ ညှပ်ပိတ်ထိုးစစ်ဆင်နေတဲ့အကြောင်း စစ်ရေးလေ့လာသူ ကိုဇင်ယော်က က သုံးသပ် ပါတယ်။
"ကန်ပက်လက်နဲ့ မင်းတပ်ကို သူက စစ်မျက်နှာ ၂ ခုနဲ့ မြှူတာပေါ့နော်၊ အဓိက တိုက်စစ်ကတော့ မင်းတပ် ဖြစ်လိမ့်မယ်။ မင်းတပ်ကို အခု ကြည့်ရသလောက်ဆိုရင် စစ်ကြောင်း ၃ ကြောင်းနဲ့ တကယ် ထိုးနေတယ်။ ပင်မတပ်ကြီးက ကျောက်ထု-မင်းတပ် လမ်းကြောင်းမှာ အဓိက ပင်မတပ်၊ သူ့ဘေးမှာပေါ့နော် ကျောက်ထုလမ်းကြောင်းကြီးရဲ့မြောက်ဘက်မှာ ကျောက်ဆစ်ကြိုးဝိုင်း ရှိတယ်၊ ထင်ချောင်းဘက်ကနေ စစ်ကြောင်း တကြောင်း ထပ်ပြီးတော့တိုးလာတယ်။ ပြီးရင် ကျောက်ထု-မင်းတပ်လမ်းရဲ့တောင်ဘက်မှာ ချီချောင်းဆိုတာရှိတယ်။ ချီချောင်းကနေတကြောင်း၊ စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးနေတယ်။ တဘက်ကလည်း သူတို့ ကန်ပက်လက်ကနေ မင်းတပ်ကို ချင်းတော်လှန်ရေးတပ်တွေ လာပြီးတော့ ကူးမှာစိုးတဲ့အတွက် ၃၀၀ ပေါ့နော်၊ စောလေးက။ အထိအခိုက် များသွားတဲ့အတွက် အင်အားဖြည့်တင်းပြီးကာမှ အပြိုင်ထိုးမဲ့ သဘောမျိုးရှိတယ်။”
အခုလို စစ်မျက်နှာ ၂ ခုဖွင့်ပြီး အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် မင်းတပ်မြို့နေ ပြည်သူ ၉၅ ရာခိုင်နှုန်းအထိ စစ်ရှောင်နေရသလို အနီးဝန်းကျင်ကျေးရွာတွေက ပြည်သူတွေနဲ့ နဂိုစစ်ရှောင်တွေ ကိုပါ ထည့်ပေါင်းရင် လူပေါင်း ၁၇,၀၀၀ ကျော်ထွက်ပြေးနေရကြောင်း သိရပါတယ်။
ဒါအပြင် စစ်တပ်ရဲ့ ဖြတ်လေးဖြတ်ကြောင့် စက်သုံးဆီနဲ့ ဆန်လိုမျိုး အခြေခံရိက္ခာဝယ်ယူဖို့တောင် ခက်ခဲလာနေတယ်လို့ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှုကော်မတီ တာဝန်ခံ ယောကီးက ပြောပါတယ်။
"အဓိကတော့ စားနပ်ရိက္ခာပေါ့နော်၊ ဖြတ် ၄ ဖြတ်က ဒုတိယတကြိမ်စပြီ။ ဒုတိယ တကြိမ်စပြီ ဆိုတာနဲ့ ကျနော်တို့မှာ ဆန်တွေဝယ်ဖို့ခက်လာတယ်။ တခြားစားသောက်ကုန် ပစ္စည်းတွေဝယ်ဖို့ အရမ်းခက်လာတယ်။ အလားတူပဲ ဆေးဝါးဆိုရင်တော့ အလွန်ခက်တာပေါ့နော်။ ဒီအနေအထားမျိုးမှာ စစ်ဘေးရှောင်တွေက နဂိုသူတို့ဝယ်ထားတဲ့ ရိက္ခာသည် စိုထိုင်းမှုတွေကြောင့် ပျက်ဆီးမှုတွေများတယ်။ ထပ်ဝယ်ရတာပေါ့။ ဝယ်တဲ့အခါကျတော့ တခါတလေ ကျနော်တို့မှာ ပိုက်ဆံ ရှိနေရင်တောင်မှ ဝယ်လို့မရတာတွေ အများကြီးကြုံရပါတယ် အကူအညီတွေကို စောင့်နေ ရတာပေါ့။ ဒါကလည်း စောင့်ချင်လို့စောင့်တဲ့အနေအထားမျိုးတော့မဟုတ်ဘူး။ မသက်သာတဲ့အဆုံး တချို့မိသားစုတွေဆို တော်တော်လေးခက်ခဲတယ်။ ဒီအကူအညီလာမှ သူတို့ စားဝတ်နေရေး ချောင်လည်တယ်၊ ဗိုက်ဝတဲ့ အနေအထားမျိုးလည်းရှိပါတယ်။”
ဆန်ထွက်တဲ့ဒေသ မဟုတ်တဲ့အတွက် ဝေးလံတဲ့နေရာတွေမှာဆို ဆန်တတင်းကို ကျပ် တသိန်း ကျော်၊ စက်သုံးဆီ ၁ ဂါလန်ကို ကျပ် ၇၀,၀၀၀ ဝန်းကျင်ခန့် ပေးဝယ်နေရသလို စစ်တပ်က ရိက္ခာ သယ်ယူခွင့်ပိတ်ပင်ပြီး NGO တွေကိုပါ ကူညီခွင့်မပြုတာကြောင့် စစ်ရှောင်တွေရဲ့ အခြေအနေက စိုးရိမ်စရာဖြစ်နေပြီလို့ ဆိုပါတယ်။
ဒါအတူ ချင်းတောင်ပိုင်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မကွေးတိုင်း ဆောမြို့နယ်မှာလည်း စစ်တပ်က မြို့ပေါ် နေအိမ်တွေနဲ့ စာသင်ကျောင်းတွေမှာ ဖြန့်ပြီးတပ်စွဲထားသလို ဆက်သွယ်ရေးလိုင်းတွေပါ ဖြတ်တောက် ထားပါတယ်။
ဆောမြို့ကနေ မကွေးတိုင်းတနေရာကို တိမ်းရှောင်နေရတဲ့ ဒေသခံအမျိုးသမီးတယောက်က " ဆောမြို့ပေါ်မှာက လူလုံးဝ မရှိသလို နေတာပါပဲ။ အိမ်စောင့် ၁၀၀၊ ၂၀၀ လောက်ပဲ ကျန်တော့တာ။ အိမ်စောင့်မရှိရင် အိမ်တွေအဖောက်ခံရပြီး ပစ္စည်းတွေအကုန်ပါသွားတာမျိုးတွေရှိလို့ နေခဲ့ကြရ တာပါ။ စစ်တပ်တွေက မြို့ပေါ်က လူကိုတော့ဘာမှမလုပ်ဘူး။ အိမ်ကောင်းတွေမှာ အိပ်တယ်၊ ပြီးတော့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းလိုတွေမှာလည်းဖြန့်နေပြီး ရွာတွေဘက်ကို စစ်ကြောင်း ထိုးတာ။ ကားလမ်းတွေ အကုန်ပိတ်သွားတဲ့ အခါကျတော့ ကိုယ့်ဒေသထွက် ဆန်က မလုံ လောက်ဘူး။ နောက်ပိုင်းကျရင် ဆန်၊ ဆီနဲ့ ဆေးဝါးတွေ အကုန်ပြတ်လပ်သွားတော့မှာပါ။ အခု ကိုယ်က မြို့ပေါ်မှာကြုံသလောက်ပဲ ရောင်းမဲ့လူ ရှိတော့တာ။ ပြီးတော့ဆောမှာက ဘယ်ဖုန်းလိုင်းမှ မရတော့ဘူး။ ရတဲ့နည်းနဲ့ ရှာကြံလို့ တခါတလေ အဆက်အသွယ် လုပ်လို့ရတာပါ။"
စစ်တပ်ရဲ့ အင်အားသုံး ထိုးစစ်ဆင်မှုတွေနဲ့ ရိက္ခာဖြတ်တောက်မှုတွေကြားမှာ ချင်းတောင်တင်မက မကွေးတိုင်းထဲက ဒေသခံတွေဟာ နေရပ်စွန့်ခွာပြေးလွှားနေရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ အပြင်းအထန် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ထပ်ပြီးလည်း တပ်ကူတွေ ပို့နေတာကြောင့် ချင်း၊ မကွေးအစပ်က မင်းတပ်၊ ကန်ပက်လက်နဲ့ ဆော၊ ကျောက်ထုနယ်တွေဟာ တိုက်ပွဲတွေ ဆက်ပြီးဖြစ်ပွားဦးမဲ့ အခြေအနေနဲ့လည်း ကြုံတွေ့နေရပ ပါတယ်။
စိုးသူအောင်











