
မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်မှာ ရက်ပေါင်း ၄၀ ကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်အာဏာရှင်တပ်ဖွဲ့တွေထံကနေ လက်နက်ခဲယမ်း အမြောက်အမြားကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။
ဩဂုတ် ၂၅ ရက်အထိ တိုက်ပွဲပြင်းထန်နေပြီး စစ်အာဏာရှင်တပ်ဘက်က လေကြောင်းမှ တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
ဂန့်ဂေါမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က “ဆောနယ်ထဲမှာ ချင်းပြည်နယ်ဘက်ကို တက်မဲ့ ရန်သူ့စစ်ကြောင်းတွေနဲ့ တိုက်ပွဲဖြစ်နေတာ ရက်ပေါင်း ၁၀၀ ကျော်ရှိနေပြီ။ အဲဒီတိုက်ပွဲတွေထဲမှာဆိုရင် အခုသိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေတင်မကဘဲ ရန်သူ အသေအပျောက် အရမ်းများပါတယ်။ အများစုကတော့ ပြည်သူ့စစ် (ပစ) တွေပါ။ တပ်သားပြုန်းတီးတာတွေနဲ့ ထိခိုက်ဒဏ်ရာရ ထွက်ပြေးတာတွေလည်း အများအပြား ရှိနေပြီးတော့ ဖွဲ့စည်းပုံပျက်ပြီး ရှေ့မတိုးနိုင်ဘဲ တပ်လန်ကျနေတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရတယ်။ တိုက်ပွဲတွေမှာတော့ ဒီဘက်က ရဲဘော်တွေလည်း ထိခိုက်ကျဆုံးတာ ရှိပါတယ်။ လေကြောင်းတိုက်ခိုက်တာတွေကတော့ နေ့တိုင်းကို ရှိနေတာပါ” လို့ ပြောပါတယ်။
ဆော-လောင်းရှည် လမ်းပိုင်း၊ ကျောက်ထု-မင်းတပ် လမ်းပိုင်း၊ ဆော-ကန်ပက်လက် လမ်းပိုင်း၊ ဆော-ကျောက်ထု လမ်းပိုင်း၊ တပြင်း-ကျောက်ထု လမ်းပိုင်းနဲ့ ကျောက်ထု-ထီးလင်း လမ်းပိုင်းတွေမှာ စစ်အာဏာရှပ်တပ်ရဲ့ စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ဩဂုတ် ၂၅ ရက်အထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ဆောမြို့နယ်အတွင်းကို စစ်တပ်က အင်အား ၃,၀၀၀ လောက်နဲ့ မေ ၁၅ ရက်က စတင်ကာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဩဂုတ် ၂၄ ရက်ဆိုရင် ရက်ပေါင်း ၁၀၀ ထိ ရှိလာပြီလို့ ဆိုပါတယ်။
ရှေ့တန်းစစ်မြေပြင်ရောက် မဟာမိတ်တပ်ဖွဲ့ဝင်တယောက်က “ဆောနယ်၊ ကျောက်ထုနယ်နဲ့ မင်းတပ်အတက်လမ်း၊ ကန်ပက်လက်အတက်လမ်းတွေမှာ တိုက်ပွဲတွေက နေ့တိုင်းလိုလို ဖြစ်နေကြတာပါ။ ပွဲကြီးမဟုတ်ရင်တောင် ချုံခိုကြားဖြတ်တိုက်တာတွေက မကြာခဏ ရှိနေပါတယ်။ ကျနော်တို့ဘက်က တိုက်ပွဲရက်ရှည်လာတော့ အဓိက လိုအပ်တာက ခဲယမ်းနဲ့ ရဲဘော်တွေအတွက် ရိက္ခာတွေပါ"လို့ ပြောပါတယ်။
စစ်တပ်ရဲ့ စစ်ကြောင်းတွေက ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အဆမတန် ပြုလုပ်နေလို့ စစ်ရေးသတင်းတွေ အထူးသတိပြု လိုက်နာကြဖို့ တော်လှန်ရေးတပ်တွေက ဒေသခံတွေကို တိုက်တွန်းထားပါတယ်။
စစ်တပ်စစ်ကြောင်းတွေ ဆောမြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်စဉ်ကလည်း တပြင်းကျေးရွာမှ ကျောင်းထိုင်ဆရာတော် ၁ ပါး၊ အထက်တန်းပြ ရူပဗေဒဘာသာရပ်သင် CDM ကျောင်းဆရာ ဦးမျိုးမင်းကျော်၊ အမျိုးသား ၂ ယောက်၊ အမျိုးသမီး ၁ ယောက်တို့အပြင် ရွာသာကျေးရွာမှ အမျိုးသား ၁ ယောက်တို့ကိုလည်း အကြောင်းမဲ့ သတ်ဖြတ်သွားခဲ့ပါသေးတယ်။











