
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုနယ်ထဲက ကြီးကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်အာဏာရှင်တပ် စစ်ကြောင်းဟာ ပြည်သူ ၅ ယောက်ထက်မနည်းကို သတ်ဖြတ်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇူလိုင် ၂၃ ရက်က ကြီးရွာထဲမှာ တပတ်ကျော်လောက် တပ်စွဲနေတဲ့ စစ်တပ်စစ်ကြောင်းက စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၄၀ အရွယ် ဦးခင်မောင်လွင်နဲ့ ရွာနားမှာစစ်ရှောင်နေတဲ့ အသက် ၃၀ အရွယ် အမျိုးသားတယောက်ကို ဖမ်းပြီးပစ်သတ်တာလို့ ယောအလင်းတန်းအဖွဲ့ တာဝန်ရှိသူ ကိုမင်းဒဿက ပြောပါတယ်။
“၂၄ ရက်နေ့ မနက်ပိုင်း ရွာမြောက်ဘက်ကို စစ်ကြောင်းထွက်လာတော့လည်း တောင်ယာတဲထဲမှာ စစ်ဘေးရှောင်နေကြတဲ့ အသက် ၆၀ ကျော်အရွယ်အမျိုးသား ၂ ယောက်ကို ဖမ်းလာပြီး ၁ ယောက်ကို သတ်ပစ်လိုက်တယ်။ ကျန်တဲ့တယောက်ကတော့ ပြန်လွတ်လာတယ်။ နောက်ပြီး ရွာလယ်ဘုရားဝင်းထဲမှာ ဘယ်ကမှန်းမသိရတဲ့ အလောင်း ၂ လောင်းလည်း ရှိနေသေးတယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်တပ်စစ်ကြောင်းဟာ ဇူလိုင် ၁၇ ရက်က ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်ကနေ ထွက်လာကြတာဖြစ်ပြီး ဇူလိုင် ၁၈ ရက် ညနေ ၅ နာရီဝန်းကျင်မှာတော့ ကြီးကျေးရွာထဲကို ဝင်ရောက် အထိုင်ချနေကြတာလို့ ဆိုပါတယ်။
ဂန့်ဂေါအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အင်အားကတော့ ၂၀၀ လောက်ပါတယ်။ အခု ၂၄ ရက်နေ့ညအထိ အဲဒီ ကြီးရွာထဲနဲ့ ရွာမြောက်ဘက် ရွှေအောင်သာရွာကိုသွားတဲ့ လမ်းပေါ်မှာ ရှိနေပြီးတော့ ရှေ့ဆက်ထွက်ဖို့ ကြိုးစားနေတယ်။ တိုက်ပွဲတွေကတော့ အရင်ရက်က ဖြစ်တယ်။ အခုရက်တော့ ငြိမ်နေတယ်။ စစ်ကြောင်းအခြေအနေ စောင့်ကြည့်နေတဲ့သဘော ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ရက်က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေထဲမှာ သူတို့ဘက်က သေဆုံး၊ ဒဏ်ရာရသူ များပြီးတော့ အထိနာခဲ့ကြတယ်”လို့ ပြောပါတယ်။
အဆိုပါ စစ်တပ်စစ်ကြောင်းဟာ ကြီးကျေးရွာအနီးက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရွှေအောင်သာကျေးရွာကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အခုလို စစ်ကြောင်းထိုးလာတာလို့လည်း သူက ဆက်ပြောပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ ဆောမြို့နယ်တွေကို စစ်အာဏာရှင်တပ်က ဇူလိုင် ၂၃ ရက် ညပိုင်းမှာ လေကြောင်းတိုက်ခိုက်တာတွေ အပြင်းအထန် ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ယောအလင်းတန်းအဖွဲ့ရဲ့ တာဝန်ရှိသူတယောက်ဖြစ်တဲ့ ကိုဇီးကွက်က “ဆောမြို့နယ်တောင်ပိုင်းကို ဇူလိုင် ၂၃ ရက် ည ၈ နာရီခွဲလောက်ကနေ ၉ နာရီခွဲလောက်အထိ ကြာချိန် ၁ နာရီလောက်အတွင်းမှာ နေပြည်တော်လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစင်းနဲ့ မကွေးလေတပ်တက် E-20 ထောက်ပို့လေယာဉ် ဗုံးအလုံးရေ ၆၀ နီးပါးကြဲချပြီး လေကြောင်းတိုက်ခိုက်တာတွေ အပြင်းအထန် လုပ်သွားတာ” လို့ ပြောပါတယ်။
မြိုင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်အစပ်ကိုလည်း ဇူလိုင် ၂၃ ရက် ည ၉ နာရီဝန်းကျင်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်သွားပါတယ်။
ချစ်သောအညာမြေအဖွဲ့ရဲ့တာဝန်ရှိသူက “ည ၉ နာရီနဲ့ ၁၀ နာရီကြားမှာ မြိုင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်အစပ်၊ ရေစကြိုနယ်အနောက်ပိုင်းကို နေပြည်တော်လေတပ်က ဂျက်ဖိုက်တာတစင်း နဲ့ ၁ ကြိမ်၊ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၂ စင်းနဲ့ ၃ ကြိမ်၊ မိတ္ထိလာလေတပ်တက် Y12 ထောက်ပို့ ဗုံးကြဲလေယာဉ်နဲ့ ၉ ကြိမ်၊ စုစုပေါင်း ၁၃ ကြိမ်လောက် ဗုံးကြဲသွားတာ”လို့ ပြောပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်စစ်ကြောင်းတွေ ချဉ်းကပ်ဝင်ရောက်လာတဲ့ သတင်းရရှိပါက လက်နက်ကြီးအန္တရာယ်နဲ့ ရုတ်တရက် လမ်းပိတ်တဲ့ဘေးအန္တရာယ်တွေကနေ ကင်းဝေးစေဖို့ စစ်တပ်စစ်ကြောင်းနဲ့ အနည်းဆုံး ၃ မိုင်အကွာအဝေးအထိ ကြိုတင်တိမ်းရှောင်ပေးကြဖို့နဲ့ လေကြောင်းရန် သတိပေးချက်တွေကို လိုက်နာဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းပါတယ်။











