
ဆော-လောင်းရှည်လမ်းပိုင်း၊ ကျောက်ထု-ထီးလင်းလမ်းပိုင်းတွေ အပါအဝင် ယောနဲ့ ချင်းအစပ်က နေရာတွေမှာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းက ဗုံးတွေဆက်တိုက်ကြဲချနေတဲ့အကြောင်း ယောဒေသခံရဲဘော်က ပြောပါတယ်။
ယောဒေသနဲ့ ချင်းပြည်တောင်ပိုင်းက မြို့တွေကို ပြန်ရနိုင်ရေး စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်ဆင်နေတာ လပိုင်းအထိ ကြာမြင့်နေပြီ ဖြစ်ပါတယ်။
ယောဒေသခံ ရဲဘော်တယောက်က “ဆောဆိုတာထက် ယောပေါ့လေ။ ယောနဲ့ ချင်းပြည်တောင်ပိုင်း ဒီနှစ်ခုမှာ စစ်မျက်နှာပေါင်း ၄/၅ ခု ရှိတယ်ပေါ့လေ။ အဲဒါက အချိန်ကာလအားဖြင့် ၁ လခွဲလောက် ကြာလာပြီ။ ၂ လတောင် ပြည့်တော့မလား မသိဘူး။ သူတို့မြေပြင်စစ်ကြောင်းတွေ ဝင်လာပြီးတည်းက လေကြောင်းပစ်တယ်။ ဆိုတာက တနေရာမဟုတ် တနေရာမှာတော့ နေ့တိုင်းရှိပါတယ်ဗျ။ လေယာဉ်နဲ့ပစ်တာကတော့ ရွာထဲကျတာ မကြားမိသေးဘူးဗျ။ ဒရုန်းနဲ့ကြဲတာတွေတော့ရှိတယ်၊ ပြည်သူတွေ သေဆုံးတာရှိတယ်၊ လက်နက်ကြီးကျတာတွေ ရှိမယ်ဗျ၊ ရွာထဲကိုကျတာ” လို့ ပြောပါတယ်။
ဆောမြို့နယ်ထဲကို ဆက်လက်စစ်ကြောင်းထိုးဝင်ရောက်နိုင်ဖို့ ကြိုးစားနေတဲ့အတွက် တိုက်ပွဲတွေဖြစ်နေပြီး နယ်မြေဝင်ရောက်ရှင်းလင်းချိန်မှာ MA စီးရီး သေနတ် ၈ လက်၊ RPG-7 နဲ့ ၆၀ မမ စိန်ပြောင်း ၁ လက်စီ သိမ်းဆည်းရမိကြောင်း မကွေးတိုင်းစစ်ဌာနကလည်း ဩဂုတ် ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
မကွေးတိုင်း-ပကဖ ကလည်း စစ်တပ်က အထိနာလို့ ဗုံးကြဲနေကြောင်းနဲ့ ဆော-လောင်းရှည် လမ်းပိုင်းအပြင် ကျောက်ထု-ထီးလင်းလမ်းပိုင်းမှာပါ တိုက်ပွဲရှိကြောင်း အတည်ပြုပေမဲ့ အသေးစိတ်ကို ပြောလို့မရသေးဘူးလို့ ဆိုပါတယ်။
မကွေးတိုင်း-ပကဖ တာဝန်ရှိသူတယောက်က “(စစ်တပ်) အထိနာနေလို့ပါဗျ။ အဲဒီလမ်းပိုင်း ၂ ခုလုံးမှာ တိုက်ပွဲတွေ ဖြစ်နေပြီ။ ဒေသခံ အများအပြားလည်း စစ်ရှောင်နေရပါတယ်။ မေလကတည်းက ရှောင်နေရတာပါဗျ။ ဆောတမြို့နယ်လုံးဆို ခန့်မှန်းခြေ ကျေးရွာပေါင်း ၂၀ နဲ့ ၃၀ ကြား ရှိနိုင်ပါတယ်။ စစ်ရှောင်ရတာ ကြာနေပြီဖြစ်တာရော မိုးမပြတ်တာရောကြောင့် အကူညီတွေလည်း လိုနေပါတယ်ဗျ” လို့ ပြောပါတယ်။
ဒေသတွင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ ယောအလင်းတန်းကတော့ ဩဂုတ် ၁၆၊ ၁၇ နဲ့ ၁၈ ရက်တွေမှာ ဂန့်ဂေါနဲ့ ထီးလင်းမြောက်ပိုင်း နေရာအပြင် ကြီးရွာနဲ့ ရွှေအောင်သာကြားက နေရာတွေကိုပါ ဗုံးအလုံးရေ ၅၀ ထက်မနည်း ကြဲချခဲ့တဲ့အကြောင်း ရေးသားထားပါတယ်။
စစ်တပ်ဘက်က ဆော-ထီးလင်းလမ်းပိုင်းနဲ့ ချင်းတောင်ပိုင်းကြားက နေရာတွေမှာ စစ်ကြောင်းလန်ကျနေသလို ဩဂုတ် ၁၈ ရက်က လေကြောင်းကနေ ရိက္ခာဖြည့်တင်းနေပြီး တပ်အင်အားလည်း ထပ်ဖြည့်မဲ့ အခြေအနေ ရှိနိုင်တာကြောင့် အခုရက်ပိုင်းအတွင်း စစ်ရေးနဲ့ လေကြောင်းသတိပြုသင့်တဲ့အကြောင်း သတိပေးထားပါတယ်။











