
ကချင်ပြည်နယ်၊ မံစီမြို့နယ် မိုင်းခေါင်ရွာအထက် လိုက်ကာ ဇွပ်ဂျာရွာနားမှာ မတ် ၁၂ မနက် ၉ နာရီဝန်းကျင်လောက်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ KPDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တပ်သား အင်အား ၁၀၀ ကျော် ဝန်းကျင်နဲ့ မဂျီဘွမ်ဗျူဟာကုန်းကနေ ဆင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
"အင်အား ၁၀၀ ကျော်မယ်။ ဗျူဟာကုန်းကနေ ဆင်းလာတဲ့အဖွဲ့ကို စောင့်ပြီး ပစ်ကြတာတဲ့။ စစ်ပစ္စည်းတချို့ သိမ်းမိတယ်။ ခြင်းပလိုင်းတွေ ထားပြီး ထွက်ပြေးသွားတယ်ပြောတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
လက်ရှိအချိန် မိုင်းခေါင်ကျေးရွာအထက် လိုက်ကာဇွပ်ဂျာဒေသမှာ စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းနဲ့ သွားနေသလို့ စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် တိုက်ပွဲအချိန်မရွေးဖြစ် လာနိုင်တယ်လို့ ဆိုပါတယ်။
မတ် ၈ ရက်က မိုင်းခေါင်ကနေ မဂျီကုန်းတပ်စခန်းဘက် အင်အားတိုးချဲ့လာတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ကွန်ဖျတောင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
မတ် ၁၀ ရက်ကလည်း မော်ဆွေချောင်တံတားအနီးမှာ လွယ်ဂျောင် စစ်ကောင်စီတပ်စခန်းကို ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းအား မိုင်းသုံးလုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ မိုင်းခေါင်ဒေသဟာ ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၃)၊ တပ်ရင်း(၂၇) နယ်မြေဖြစ်ပါတယ်။