
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ထန်းဇင်ကျေးရွာမှာ မတ် ၁၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ကျည်ထိမှန်ခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေထား ရှိတယ်လို့ သိရပါတယ်။
ကျည်ထိမှန်ခံရတဲ့သူဟာ စစ်ကောင်စီတပ်ဖွဲ့တွေ ထန်းဇင်ကျေးရွာဘက်ကို လာနေစဥ်အတွင်း သူ့ရဲ့ ကလေးငယ်ကို ပွေ့ချီပြေးရာကနေ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်ခံခဲ့ရတာလို့ ဒေသခံတွေကပြောပါတယ်။
ပစ်ခတ်ခံရသူဟာ ဝမ်းဗိုက်ပေါက်ထွက် အူထွက်တဲ့အထိ ဒဏ်ရာရရှိခဲ့ပြီး သူ့ပွေ့ချီခဲ့တဲ့ ကလေးငယ်ကတော့ ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
လက်ရှိအချိန်မှာ ကျည်ထိမှန်ခံရတဲ့ ကလေးရဲ့ဖခင်ဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထား ရှိနေတယ်လို့ သိရပါတယ်။
ဘန့်ဘွေးရွာမ ကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မတ် ၁၃ ရက် မနက်ပိုင်း ၁၀ နာရီလောက် ထန်းဇင်ကျေးရွာဘက်ကို သေနတ်တွေ ပစ်ဖောက်ပြီး ရုတ်တရက်ဝင်ရောက်လာခဲ့တာကြောင့် ကျေးရွာအတွင်းရှိ ပြည်သူတွေဟာ ကြောက်လန့်တကြီး ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယင်းမာပင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် ပြည်သူ သေဆုံးတာတွေ များလာနေသလို နေအိမ်တွေလည်း မီးရှို့ခံနေရပါတယ်။