
ဘလွန်းဒီအောဆု ၈ ကြိမ်ရ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ကာတလန်ကလပ် ကော်နယ်လာအသင်းကို ဝယ်ယူပြီး အသင်းပိုင်ရှင် ဖြစ်လာပါတယ်။
မက်ဆီက လာလီဂါပဥ္စမတန်းကလပ်ကို ဝယ်ယူကြောင်း ကော်နယ်လာအသင်းက ထုတ်ပြန် ပါတယ်။
ကော်နယ်လာအသင်းက “ဒီဝယ်ယူမှုဟာ ဘာစီလိုနာအသင်းနဲ့ မက်ဆီတို့ ရင်းနှီးမှု ပိုတိုးစေသလို ကာတာလိုနီယာမှာရှိတဲ့ ဒေသခံ လူငယ်တွေနဲ့ အားကစားအပေါ်ထားတဲ့ မက်ဆီရဲ့ အာရုံစိုက်မှုလည်း ပိုတိုးစေပါတယ်” လို့ ပြောပါတယ်။
ကော်နယ်လာအသင်းရဲ့ ကွင်းဟာ လူပေါင်း ၁,၅၀၀ သာ ဆံ့တဲ့ကွင်းဖြစ်ပြီး အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာနဲ့ ဘာစီလိုနာ နောက်ခံလူဟောင်း ဂျော်ဒီအယ်ဘာတို့ ကစားခဲ့ဖူးတဲ့အသင်းလည်း ဖြစ်ပါတယ်။
မက်ဆီ ရောက်လာတာဟာ အသင်းသမိုင်း စာမျက်နှာသစ် စတင်တာဖြစ်ကြောင်း၊ အားကစားနဲ့ လူငယ်တွေ ပြုစုပျိုးထောင်ရေးအတွက် အာရုံစိုက်ရမှာဖြစ်ကြောင်း ကော်နယ်လာအသင်းက ဆိုပါတယ်။
ကော်နယ်လာအသင်းကို ၁၉၅၁ ခုနှစ် ဧပြီ ၂၉ ရက်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး သက်တမ်း ၇၄ နှစ်ရှိပြီ ဖြစ်ပါတယ်။
ကော်နယ်လာအသင်းဟာ သမိုင်းတလျှောက် အောင်မြင်မှုအဖြစ် ၂၀၁၃-၁၄ ရာသီက စပိန်စတုတ္ထတန်းမှာ ချန်ပီယံအဖြစ် တကြိမ်သာ ဗိုလ်စွဲခဲ့ဖူးတဲ့ မှတ်တမ်းရှိပါတယ်။
မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ကစားတုန်းက ပွဲပေါင်း ၇၇၈ ပွဲမှာ ၆၇၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး အသင်းရဲ့ ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်ခဲ့ပါတယ်။
မက်ဆီဟာ ၂၀၂၁ ခုနှစ်မှာ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ကာ ၂၀၂၃ ခုနှစ်မှာ အင်တာမိုင်ယာမီကို ပြောင်းခဲ့တာပါ။
အသက် ၃၈ နှစ်အရွယ်ရှိ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ် ၄ ကြိမ်၊ လာလီဂါဖလား ၁၀ ကြိမ် ရရှိခဲ့သူဖြစ်ကာ လက်ရှိအချိန်မှာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီမှာ ကစားနေသူ ဖြစ်ပါတယ်။










