အာဂျင်တီးနားနိုင်ငံ ရိုဆာရီယိုမြို့က လူမသိသူမသိ ဘောလုံးသမားလေးဘဝကနေ ဂန္ထဝင်အသင်းခေါင်းဆောင်ဖြစ်လာတဲ့ လီယွန်နယ်မက်ဆီဟာ အောက်တိုဘာ ၆ ရက်မှာ ဗျူနိုအေးရိစ်မြို့မှာရှိတဲ့ Monumental - အထိမ်းအမှတ် အားကစားကွင်းကြီးမှာ အာဂျင်တီးနားအသင်းအတွက် နောက်ဆုံးအကြိမ် ဝင်ကစားပေးသွားမှာပါ။
အင်တာမိုင်ယာမီ ကစားသမား မက်ဆီဟာ ပြီးခဲ့တဲ့ ဩဂုတ်လမှာ နိုင်ငံအသင်းကနေ အနားယူဖို့ ကြေညာခဲ့ပေမဲ့ ဒီကနေ့ ဘီနင်နဲ့ကစားမဲ့ ခြေစမ်းပွဲအတွက် တိုက်စစ်မှူး မက်ဆီကို အသင်းလူစာရင်းမှာ ထည့်သွင်းထားပါတယ်။
တောင်အမေရိကမှာ အကြီးဆုံးဖြစ်တဲ့ ပရိသတ် ၈၅,၀၀၀ ဆန့် ရေးဗားပလိတ်အသင်းရဲ့ အိမ်ကွင်း အက်စတာဒီယို မွန်နူမန်တယ်မှာ ကျင်းပမဲ့ ဒီပွဲဟာ အသက် ၃၉ နှစ်အရွယ် မက်ဆီအတွက် နိုင်ငံအသင်းကနေ အနားယူမဲ့ နှုတ်ဆက်ပွဲစဉ်ဖြစ်သလို ဆယ်စုနှစ် ၂ ခုကျော် ကြာမြင့်ခဲ့တဲ့ မက်ဆီရဲ့ နိုင်ငံ့လက်ရွေးစင် ကစားသမားဘ၀ကို တခန်းရပ်စေတော့မှာ ဖြစ်ပါတယ်။
အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တာပီယာ ကတော့ မက်ဆီအတွက် ထိုက်တန်တဲ့ နှုတ်ဆက်ပွဲ ပေးချင်လို့ ဖိတ်ခေါ်ခဲ့တာလို့ ပြောပါတယ်။
မက်ဆီဟာ အသက် ၁၃ နှစ်အရွယ်မှာတင် ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်တဲ့အလျောက် စပိန်လက်ရွေးစင်အသင်းအတွက် ကစားပေးဖို့ စည်းရုံးခံခဲ့ရပေမဲ့လည်း အာဂျင်တီးနားကတော့ သူရှိနေတယ် ဆိုတာကိုတောင် မသိခဲ့ကြပါဘူး။
အဲဒီနောက် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် (AFA) က ဝန်ထမ်းတယောက်ဖြစ်တဲ့ အိုမာ ဆူတိုဟာ တယ်လီဖုန်း လမ်းညွှန်စာအုပ်ကို အသုံးပြုပြီး “လီယွန်နယ်” အစား “လီယိုနာဒို” ဆိုတဲ့ နာမည်နဲ့ မက်ဆီတို့ မိသားစုကို လိုက်ရှာနေမိခဲ့တယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာ AFA တာဝန်ရှိသူတွေက မက်ဆီကို အီတလီအနွယ် ဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်အရ ‘C’ နှစ်လုံးဆင့်ပြီး ‘Mecci’ အမည်ရ ကစားသမားအကြောင်း ဘာစီလိုနာအသင်းဆီ မေးမြန်းခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ၂၀၁၆ ကိုပါအမေရိက ဗိုလ်လုပွဲအတွင်း အာဂျင်တီးနားအသင်းဟာ ချီလီကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ရပြီးနောက် မက်ဆီရဲ့ လက်ရွေးစင်ကစားသမားဘဝကနေ အပြီးတိုင် အနားယူခါနီး အခြေအနေအထိ ဖြစ်ခဲ့ပါသေးတယ်။
ဒါပေမဲ့လည်း မက်ဆီကို အပြစ်မတင်ဘဲ အာဂျင်တီးနား ဘောလုံးပရိသတ်တွေက အသင်းဆီသာ ပြန်လာဖို့ တောင်းဆိုခဲ့ကြတဲ့အလျောက် ဆက်ဆံရေး ပိုမိုခိုင်မာလာခဲ့ကြောင်း ဖော်ပြထားပါတယ်။
အာဂျင်တီးနား သတင်းစာဆရာ ဆာဂျီယို လက်ဗင်စကီး ကတော့ “ရှုံးနိမ့်မှုတွေဟာ သူ့ကြောင့် မဟုတ်ဘူး ဆိုတာကို လူတွေ သဘောပေါက်လာကြပါတယ်။ တကယ်တော့ မက်ဆီကပဲ အသင်းကို ဖိုင်နယ်အဆင့်တွေအထိ ရောက်အောင် ခေါ်ဆောင်ပေးနေခဲ့တာပါ” ဆိုပြီး မှတ်ချက်ပြုပါတယ်။
လက်ရှိနည်းပြ လီယွန်နယ် စကာလိုနီ လက်ထက်မှာ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိက ချန်ပီယံဆု ၂ ကြိမ်ရရှိအောင် အာဂျင်တီးနားအသင်းကို မက်ဆီက ဦးဆောင်ပေးနိုင်ခဲ့ပြီးနောက် မျိုးဆက်တခုအတွက် အငြင်းပွားစရာမရှိတဲ့ ခေါင်းဆောင်တယောက် ဖြစ်လာခဲ့ပါတယ်။
ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ၈ ကြိမ်တိုင် ရရှိထားတဲ့ မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစားခဲ့တဲ့အချိန်ကနေ အခုအနားယူချိန်အထိ လက်ရွေးစင်ကစားသမားဘဝ ၂၁ နှစ် အတွင်း နိုင်ငံအတွက် ၂၀၇ ပွဲကစားခဲ့ပြီး ၁၂၅ ဂိုး စံချိန်တင် သွင်းယူပေးခဲ့တဲ့ အမွေအနှစ်ကို ချန်ရစ်ခဲ့ပါတယ်။ အာဂျင်တီးနားဘောလုံးသမိုင်းမှာ သူ့ထက် ပွဲပိုမိုကစားနိုင်ခဲ့သူနဲ့ ဂိုးပိုမိုသွင်းယူနိုင်ခဲ့သူလည်း မရှိသေးပါဘူး။
လောလောဆယ် မက်ဆီခေတ်အလွန် အာဂျင်တီးနားလက်ရွေးစင် အသင်းခေါင်းဆောင်အဖြစ် ခရစ်ရှန် ရိုမဲရိုးကို ရွေးချယ်ထားကြောင်း နည်းပြချုပ် စကာလိုနီက အတည်ပြုပါတယ်။
မက်ဆီဟာ နိုင်ငံအသင်းလက်ရွေးစင်ကစားသမားအဖြစ်ကနေ အနားယူသွားပြီဖြစ်ပေမဲ့ သူ့ကစားနေတဲ့ ကလပ်အသင်းဖြစ်တဲ့ အမေရိကန်မေဂျာလိဂ်(MLS)က အင်တာမီယာမီ အသင်းမှာတော့ ပုံမှန်အတိုင်း ဆက်ရှိနေမှာဖြစ်ပါတယ်။
Photo: Reuters










