
မြောက်ကိုရီးယားက အခုနှစ် နွေဦးရာသီ အမျိုးသားအားကစားပွဲတော်ကို ပြုံယမ်းမြို့တော်မှာ စတင်ကျင်းပခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက မတ် ၁၈ ရက်မှာ ဖော်ပြပါတယ်။
မြောက်ကိုရီးယား အစိုးရမီဒီယာ KCNA သတင်းဌာနက ထုတ်လွှင့်တဲ့ ရုပ်သံမှတ်တမ်းထဲမှာ မတ် ၁၇ ရက်က ကျင်းပတဲ့ ဖွင့်ပွဲအခမ်းအနားမှာ မြောက်ကိုရီးယားရဲ့ ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုနဲ့ အားကစားဝန်ကြီး ကင်မ်အီဂွတ်က မိန့်ခွန်းပြောခဲ့ပြီး တက်ရောက်လာသူတွေက ဘတ်စကက်ဘောပွဲ တခုကို ကြည့်နေတာကို ပြသထားပါတယ်။
ပွဲတော်အတွင်း ပညာရှင်နဲ့ ဝါသနာရှင် အားကစားသမားတွေဟာ ဘောလုံး၊ ဘတ်စကက်ဘော၊ ဘော်လီဘော၊ အလေးမ၊ ကျွမ်းဘားနဲ့ တိုက်ကွမ်ဒိုတို့လို အမျိုးအစား ၃၀ ပါတဲ့ ပွဲစဉ် ၅၄၀ လောက် ယှဉ်ပြိုင်ကြမယ်လို့ KCNA က ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက လူနေမှုအဆင့်အတန်း မြှင့်တင်ရေး သူ့ရဲ့အစီအစဉ်ထဲမှာ အားကစားကို အဓိက အာရုံစိုက်ခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာ အာဏာရလာပြီးကတည်းက နိုင်ငံရဲ့ နှစ်စဉ်ဘတ်ဂျက်တွေထဲမှာ အားကစားအတွက် သုံးစွဲမှုဟာ တခြားနယ်ပယ်အများစုထက် ပိုမြန်မြန်ဆန်ဆန် မြင့်တက်လာတယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။
Source: Reuters











