ပဲခူးတိုင်း၊ ပြည်မြို့ထဲမှာ တုတ်တချောင်းနဲ့ လျှောက်သွားလာနေတဲ့ စိတ်ဝေဒနာရှင် အမျိုးသား တယောက်ကို စစ်ကောင်စီတပ်တွေက ဗိုလ်ချုပ်လမ်း၊ ဆံတော်ရပ်ကွက်ထဲမှာ သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မျက်မြင်တွေ့လိုက်ရသူတယောက်က “အဲ့ဒီလူကြီးက အသက် ၆၀ ခန့်ရှိပြီး အရင်တုန်းကတော့ မြိုထဲဘက်မှာ သိပ်မတွေ့ဖူးဘူး၊ အခု စစ်တပ်က အာဏာသိမ်းပြီးတော့မှ ဟိုနားဒီနားတွေမှာ ခဏခဏတွေ့တာ။ ကြုံရာလမ်းဘေးမှာပဲ အိပ်တယ်၊ တုတ်တချောင်းနဲ့ လျှောက်သွားနေတာ ဘယ်သူ့ကိုမှတော့ အန္တရာယ်မပြုဘူး၊ သူ့ဟာသူ အေးအေးဆေးဆေးပဲနေတာ။ အဲ့ဒါကို ညက ဗိုလ်ချုပ်လမ်း UAB ဘဏ်ရှေ့မှာ၊ ရွှေလက်ဖက်ရည်ဆိုင် ရှေ့နားလေး လမ်းလယ်ခေါင်ကြီးမှာ သူ့ဟာသူ တုတ်ကိုင်လာတာကို တုတ်မချလို့ဆိုပြီး သေနတ်နဲ့ပစ်ချလိုက်တာ။ သေနတ်ဒဏ်ရာက ထုတ်ချင်းပေါက်ပဲ။ ဒီကောင်တွေ လူစိတ်ပျောက်နေတာ ဖြစ်မယ်ဗျာ” လို့ ပြောပါတယ်။
ကပစ ၇ စစ်ကောင်စီတပ်သားက ပစ်လိုက်တာဖြစ်ပြီး အပစ်ခံရသူကို စစ်ကောင်စီတပ်က ကုတင် ၁၀၀ စစ်ဆေးရုံကို သယ်ဆောင်သွားကာ ဆေးရုံရောက်ပြီး ခဏအကြာမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
အပစ်ခံရသူဟာ နှလုံးအောက်မှာ ကျည်ထိမှန်ခဲ့ပြီး အဲ့ဒီဒဏ်ရာနဲ့ပဲ သေဆုံးသွားကာ အလောင်းကို စစ်ဆေးရုံရင်ခွဲရုံမှာ ထားရှိတယ်လို့ သိရပါတယ်။