
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ အမျိုးသမီးတွေ အပါအဝင် ရိုဟင်ဂျာ ၁၁ ယောက်ကို စစ်တပ်က ဖမ်းဆီးထားတယ်လို့ ရိုဟင်ဂျာတွေကို ကူညီပေးနေတဲ့သူတွေဆီက သိရပါတယ်။
ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့က ငရုတ်ကောင်းမြို့ ဂွချောင်းတံတားအနီးမှာ အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၇ ယောက် စုစုပေါင်း ရိုဟင်ဂျာ ၁၁ ယောက်ကို စစ်တပ်က ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
အကူအညီပေးနေသူတယောက်က “အမျိုးသမီးတွေလည်းပါတယ်။ စစ်ကောင်စီတပ်က ကင်းလှည့်နေရင်း တွေ့လို့ အဖမ်းခံရတာလို့ သိရတယ်။ ဘယ်ကိုဖမ်းခေါ်သွားလဲတော့ မသိရသေးဘူး။ စက်လှေနဲ့လာရင်း ရေတပ်က ဖမ်းတာ” လို့ ပြောပါတယ်။
စစ်တပ်နဲ့ နီးစပ်သူတယောက်က “ရိုဟင်ဂျာ ၁၁ ယောက်ကို စစ်ကောင်စီရဲ့ ဟိုင်းကြီးကျွန်း အခြေစိုက် ဓမ္မဝတီရေတပ်က ဖမ်းတာ။ ကင်းလှည့်ရင်း ဖမ်းသွားခဲ့တာ။ ရန်ကုန်ဘက်ကိုသွားဖို့ ထွက်လာတဲ့သူတွေ” လို့ ပြောပါတယ်။
အဆိုပါ ရိုဟင်ဂျာ ၁၁ ယောက်ထဲမှာ အသက် ၅၀ ကျော်အရွယ် ၃ ယောက် ပါဝင်ကာ ကျန်သူတွေက အသက် ၃၀ နဲ့အောက် အရွယ်တွေဖြစ်ပြီး ရိုဟင်ဂျာတွေကို လာပို့တဲ့ စက်လှေကိုတော့ မမိလိုက်ဘူးလို့ သိရပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်ဘက်မှ စစ်ရေးမတည်မငြိမ်ဖြစ်နေတာနဲ့ စစ်တပ်နဲ့ ရဲတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေက ခွဲခြားဆက်ဆံ ဖိနှိပ်ခံရတာတွေကြောင့် ဧရာဝတီတိုင်းထဲ ဝင်လာပြီး ပြည်ပနိုင်ငံတွေကို ထွက်ခွာဖို့ ထွက်လာတာလို့ ရိုဟင်ဂျာတွေကို ကူညီပေးနေသူတွေက ဆိုပါတယ်။










