DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီခန့်ဝန်ထမ်းများအား နိုင်ငံတော်ပုန်ကန်မှုကျူးလွန်သူများအဖြစ် NUG ထုတ်ပြန်
DVB
·
March 11, 2022
စစ်ကောင်စီခန့်ဝန်ထမ်းများအား နိုင်ငံတော်ပုန်ကန်မှုကျူးလွန်သူများအဖြစ် NUG ထုတ်ပြန်
1 / 3
Donate to DVB

သတင်းအချက်အလက်ရယူဖို့ တာဝန်ပေးထားသူတွေကလွဲလို့ အကြမ်းဖက်စစ်ကောင်စီ ဝန်ကြီးဌာနတွေမှာ လုပ်ဆောင်နေတဲ့ ဝန်ထမ်းတွေကို နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်သူတွေလို့ သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ဒီကြေညာချက်ကိုတော့ NUG စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက မတ် ၁၀ ရက် ရက်စွဲနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ် ထူထောင်တည်ဆောက်မှု လုပ်ငန်းတွေမှာ အကြမ်းဖက် စစ်ကောင်စီဟာ ဝန်ကြီးဌာနအသီးသီးမှာ စစ်တပ်က တပ်မှူးတွေကို အရပ်သားအသွင်ပြောင်း တာဝန်ထမ်းဆောင်စေတာ၊ စစ်တပ်သြဇာခံဝန်ထမ်းတွေ ဖြစ်လာစေဖို့ သင်တန်းတွေပေးတာ စတဲ့နည်းလမ်းတွေ ကျင့်သုံးပြီး စစ်ဗျူရိုကရက် အုပ်ချုပ်ရေး ယန္တရားကို တည်ဆောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုမှာတော့ မြန်မာနိုင်ငံ အရပ်ရပ်က ဝန်ကြီးဌာန အသီးသီးရဲ့ နိုင်ငံ့ဝန်ထမ်းများစွာဟာ စစ်တပ်သြဇာခံ ဝန်ထမ်းတွေအဖြစ် စစ်ဗျူရိုကရက် အုပ်ချုပ်ရေး ယန္တရားကို ခွေးသွားစိတ်တွေအဖြစ် ပါဝင်လည်ပတ်ခြင်း မရှိဘဲ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ကာ ပြည်သူလူထုနဲ့အတူ တသားတည်း ရပ်တည်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလို CDM ဝန်ထမ်းတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကြောင့် စစ်ဗျူရိုကရက် အုပ်ချုပ်ရေး ယန္တရားက နိုင်ငံနဲ့ ပြည်သူလူထုအပေါ်မှာ သစ္စာစောင့်သိမှုမရှိတဲ့ Non-CDM ဝန်ထမ်း တွေနဲ့သာ ဆက်လက်လည်ပတ်ခဲ့ပြီး လက်ရှိမှာတော့ ဝန်ကြီးဌာနအသီးသီးရဲ့ Non-CDM ဝန်ထမ်းအကြီးအကဲတွေက နိုင်ငံတော်ပုန်ကန်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ပြီး တရားမဝင် အစိုးရ ဖွဲ့စည်းထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအာဏာကို အသက်သွင်းဖို့ ဝန်ထမ်းသစ်တွေကို ခေါ်ယူရာမှာ စစ်ကောင်စီရဲ့ တရားမဝင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ အကြမ်းဖက်စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ အစိုးရက တရားမဝင်အစိုးရ ဖြစ်တာမို့ တရားမဝင်အစိုးရရဲ့ ဝန်ကြီးဌာနကလည်း တရားဝင်မှု မရှိကြောင်းနဲ့ အဲဒီဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ဖို့ လျှောက်ထားတာ၊ တာဝန်ထမ်းဆောင်တာတွေဟာလည်း တရားဝင်မှု မရှိဘူးလို့ ထုတ်ပြန်လိုက်တာပါ။

အကြမ်းဖက်စစ်ကောင်စီဟာ ခုရက်ပိုင်းမှာပဲ ပညာရေးနဲ့ ကျန်းမာရေးဌာနတွေ အပါအဝင် ဝန်ကြီးဌာနနဲ့ အဖွဲ့အစည်း ၁၄ ခုမှာ လစ်လပ်နေတဲ့ ရာထူးနေရာတွေအတွက် လျှောက်လွှာတွေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းတွေထဲမှာတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနဲ့ ဗဟိုဘဏ် စတဲ့ဌာန အဖွဲ့အစည်းတွေအောက်က ရာထူးတွေ အသီးသီး ပါဝင်နေပါတယ်။

လတ်တလောမှာတော့ စစ်တပ် မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း အစောပိုင်းကတည်းက အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွေမှာ ပါဝင်ခဲ့ကြတဲ့ ပြည်သူ့ဘက်တော်သား နိုင်ငံ့ဝန်ထမ်းတွေဟာလည်း ကြံ့ကြံ့ခံကာ အမှန်တရားဘက်က တသားတည်း ရပ်တည်နေကြဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013