DVB Logo
Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်ပို့စ်တင်သည့် ပြည်သူ ၂၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးအရေးယူ
DVB
·
March 10, 2022
ဖေ့စ်ဘွတ်ခ်ပို့စ်တင်သည့်  ပြည်သူ  ၂၀၀ ကျော်ကို စစ်ကောင်စီက  ဖမ်းဆီးအရေးယူ
Donate to DVB

ပြီးခဲ့တဲ့ တလကျော်အတွင်း လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ပို့စ်တင်မှုနဲ့  ကျောင်းထိုင်ဆရာတော်၊ ဗေဒင်ဆရာ၊ ဆရာဝန်၊ သူနာပြု၊ လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် ပြည်သူပေါင်း အယောက်  ၂၀၀ ကျော်ကို ဖမ်းဆီးအရေးယူ တရားစွဲထားတယ်လို့  စစ်ကောင်စီပြန်ကြားရေး သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဇန်နဝါရီ ၂၇ ရက်ကနေ မတ် ၄ ရက်အတွင်း နေ့စဉ်ထုတ်ပြန် ထားခဲ့တာတွေဖြစ်ပြီး အမျိုးသား ၁၃၄ ယောက်နဲ့ အမျိုးသမီး ၉၅ ယောက် ပါဝင်တယ်လို့ ဒီဗွီဘီက စာရင်းပြုစုထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီကတော့ CRPH၊ NUG နဲ့လက်အောက်ခံအဖွဲ့အစည်းတွေ၊ ဆက်နွှယ်နေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ စစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားတွေပျက်ပြားစေဖို့ လှုံ့ဆော်ဝါဒဖြန့်တာတွေကို အားပေးကူညီတာကြောင့် အခုလို တရားစွဲဆို ဖမ်းဆီးတာလို့ စစ်ကောင်စီအာဘော် သတင်းစာတွေမှာ နေ့စဉ် သတင်းထုတ်ပြန်နေပါတယ်။

ဆိုပါလုပ်ရပ်တွေလုပ်ဆောင်သူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နဲ့ ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃(က)နဲ့ တည်ဆဲဥပဒေတွေအရ အရေးယူခံရမယ့်အပြင် ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံရနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်အထိ ဘယ်နှစ်ယောက်ကို ဖမ်းဆီးထားပြီးပြီလဲဆိုတာကိုတော့ ဖော်ပြရှင်းလင်းထားတာမရှိပါဘူး။ ပြီးတော့ စိစစ်ဆဲလို့ ဖော်ပြထားပြီး တချို့ကိုတော့ လိပ်စာအတိအကျဖော်ပြထားပေမဲ့ ဘယ်သူ ဘယ်ဝါမှန်း မဖော်ပြထားတာ ၂၉ ယောက်ကိုလည်း တွေ့ရပါတယ်။

ဗွီဒီယိုတွေတင်တဲ့ လူမှုကွန်ရက် တစ်တော့အကောင့်ပိုင်ရှင်တယောက်လည်း ပါဝင်နေပြီး ဖေ့စ်ဘွတ်ခ်ပေ့ဂျ်နဲ့ ပေ့ဂျ်အက်ဒမင် ၂၁ ယောက်ကိုလည်း အရေးယူတဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

အဲဒီထဲက တချို့ လူမှုကွန်ရက် စာမျက်နှာတွေအတွက်ဘယ်သူ့ကို တရားစွဲဆိုတယ်ဆိုတာလည်း ဖော်ပြထားတာမရှိပါဘူး။

မွန်ပြည်နယ် သိမ်ဇရပ်မြို့က “မိဘမေတ္တာ” ဆေးဆိုင်ပိုင်ရှင်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၉ နာရီ အချိန်မှာ ပုံမှန် မဖွင့်လှစ်ဘဲ အသံတိတ်သပိတ်မှာ ပါဝင်ခဲ့တာကြောင့် ဆိုပြီး တရားစွဲဆိုတဲ့စာရင်းမှာ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

စစ်ကောင်စီက တရားစွဲ ဖမ်းဆီးတယ်လို့ ကြေညာတဲ့အထဲမှာ ဆရာဝန် ၅ ယောက်နဲ့ သူနာပြု ၁ ယောက်၊ ဗေဒင်ဆရာတယောက်တို့ ပါဝင်ပါတယ်။ အမျိုးသမီး ဆရာဝန် တယောက်ကိုတော့ Hpa-An News ရဲ့ Adminပြီး ဖော်ပြထားတာကိုတွေ့ရပါတယ်။ ပြီးတော့ မြင်းခြံမြို့က ဈေးတာဝန်ခံ အမျိုးသား ၃ ယောက်နဲ့ ဈေးရောင်းသူ အမျိုးသမီးတယောက်ကိုလည်း ဖမ်းဆီး အရေးယူတဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့စာရင်းတွေထဲမှာ နေရပ်အတိအကျဖော်ပြပြီး လူကိုမသိတာတွေ၊ လူနာမည်နဲ့ ဖေ့စ်ဘွတ်ခ်အကောင့်နာမည် ကွဲလွဲနေတာတွေ၊ အမျိုးသမီးကို အမျိုးသားအကောင့်နာမည်နဲ့ စွပ်စွဲ ဖော်ပြထားတာတွေ စတဲ့ ကွဲလွဲတာတွေကိုလည်း တွေ့ရပါတယ်။

ဖေ့စ်ဘွတ်ခ်သုံးစွဲသူတယောက်ကတော့ “မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်အကောင့်တွေက သိတဲ့အတိုင်းပဲ။ ဖွင့်ချင်တိုင်းဖွင့်ထားကြတာ။ ဒါကိုကြည့်ပြီးတရားစွဲတယ်ဆိုတာကတော့ သူတို့ လုပ်ချင်ရာ လုပ်တဲ့ သဘောကို ပြနေတာပဲ။ ပြီးတော့ ချောက်ချကြတာတွေရှိသေးတယ်။ တယ်လီဂရမ် ဂရုပ်တွေ မှာဆိုရင် ဖေ့စ်ဘွတ်ခ်အကောင့်တွေကို စကရင်ရှော့ယူပြီး တင်နေကြတာပဲ။ တကယ်တော့ နေရပ်၊ လူ အလွဲတွေနဲ့ဖော်ပြထားကြတာ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ အရေးယူတယ်ဆိုတဲ့ စာရင်းမှာ ရန်ကုန်တိုင်းက ၁၁၄ ယောက်၊ မန္တလေးတိုင်းက ၇၂ ယောက်၊ ပဲခူးတိုင်းက ၁၂ ယောက်၊ စစ်ကိုင်းတိုင်းက ၉ ယောက်၊ ရှမ်းပြည်နယ်က ၁၀ ယောက်၊ ကရင်ပြည်နယ်က ၇ ယောက်၊ ကချင်ပြည်နယ်က ၆ ယောက် ပါဝင်ပါတယ်။

သူတို့ရဲ့ စာရင်းထဲမှာ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီရွာက ကျောင်းထိုင်ဆရာတော်တပါးလည်းပါဝင်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်က ကိုနေဘုန်းလတ်၊ ခရမ်းမြို့နယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ၂ ယောက်၊ ရွှေဘိုမြို့က ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာအေဇင်လတ်တို့ပါဝင်ပါတယ်။

ပြည်နယ်နဲ့တိုင်းဒေသကြီး တချို့ မြို့နယ်တချို့မှာတော့ ဒေသခံတွေကို ဘာအကြောင်းပြချက်မှ မရှိဘဲ ဒေသဆိုင်ရာ စစ်ကောင်စီတပ်နဲ့ ရဲတွေက လာရောက်ဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013