DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆို၌ စစ်တပ်က လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်၊ ပြည်သူ့ နေအိမ်များမီးရှို့ဖျက်ဆီး
DVB
·
March 10, 2022
ဒီးမော့ဆို၌ စစ်တပ်က လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်၊ ပြည်သူ့ နေအိမ်များမီးရှို့ဖျက်ဆီး
1 / 5
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ဒေါငံခါးကျေးရွာကို စစ်ကောင်စီတပ်က  မတ် ၁၀ ရက် ဒီနေ့မနက် ၆ နာရီကျော်ကစပြီး တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် ကက်သလစ်သီလရှင်ကျောင်းဆောင်နဲ့  ဘိုးဘွားရိပ်သာ အဆောင်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒေါငံခါးရပ်ကွက်နဲ့ ကုန်းသာကျေးရွာ လမ်းမတလျှောက်အား မနက် ၆ နာရီ ၂၂ မိနစ်ကစပြီး ၆ နာရီ ၄၂ မိနစ်ထိ စစ်ကောင်စီတပ်က တိုက်လေယာဥ်တွေနဲ့ ၇ ကြိမ် အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြတာလို့ ကရင်နီအမျိုးသားများကာကွယ်တပ်က သတင်းထုတ်ပြန်ပါတယ်။

ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာဘက်မှာ မတ် ၇ ရက်ကစပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး တိုးစစ်ဆင်လာပြီး ကျေးရွာအတွင်းမှာ တပ်စွဲကာ လူနေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မတ် ၉ ရက်က ပူဖားကျေးရွာနဲ့ သေးဆူလဲကျေးရွာတွေမှာ တပ်စွဲလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဟာ ကရင်နီပူးပေါင်းတပ်တွေနဲ့ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေဆူလဲကျေးရွာရှိ နေအိမ်တွေကို မီးရှို့သွားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ တင့်ကား ၂ စီးနဲ့ ပူဖားကျေးရွာနဲ့ သေးဆူလဲကျေးရွာရှိ လူနေအိမ်၊ ဘာသာရေး အဆောက်အဦနဲ့ စာသင်ကျောင်းတွေမှာ တပ်စွဲကာ နေ့စဉ် နေအိမ်တွင်းရှိ ပစ္စည်းတွေကိုလည်း ဖောက်ထွင်းခိုးယူနေတယ်လို့ ဆိုပါတယ်။

ကရင်နီ(ကယား)ပြည်နယ်အတွင်း တိုက်ပွဲကြောင့် သောင်းနဲ့ချီတဲ့ စစ်ဘေးရှာင်တွေဟာ အကြိမ်ကြိမ် နေရာပြောင်းရွှေ့နေရပြီး  လက်ရှိမှာ‌တော့ ဒီးမော့ဆို အနောက် လိုဘာကို ကျေးရွာအုပ်စုနဲ့ ပန်ပက်ကျေးရွာအုပ်စုက တောတောင်တွေမှာ လုံခြုံမယ်လို့ထင်တဲ့ နေရာတွေမှာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ထွက်ပြေးတိမ်းရှောင်ရသူ ၆ သောင်းခွဲလောက် အတွက် အစားအသောက်၊ ကျန်းမာရေးအတွက် အကူအညီတွေလိုအပ်နေသလိုပဲ သောက်သုံးရေအခက်အခဲ ကြုံတွေ့နေရကြောင်း ကရင်နီပြည်အတိုင်ပင်ခံ ကောင်စီရဲ့ လူသားချင်းစာနာထောက်ထားမှုကော်မတီ တာဝန်ရှိသူ  ခွန်းမြင့်နိုင်က ပြောပါတယ်။

“တချို့တော့ ပြေးတုန်းလွှာတုန်းပေါ့လေ။ အထူးသဖြင့် နောင်ပုလဲ အုပ်စုတို့၊ လွိုင်နန်းဖ အုပ်စု၊ ဆောင်ဒူလာ အုပ်စုတို့မှာ ရှိနေတဲ့ စစ်ဘေးရှောင်အုပ်စုတွေကတော့ ဟိုးဒီအနောက်ဘက်ခြမ်း လိုဘာခိုတို့၊ ဆီးဘူးတို့ဘက်ကို ပြေးလာကြတာပေါ့လေ။ ဒီမှာကလည်း ရေအရမ်းရှားတော့ သောက်သုံးရေအတွက် အရမ်းခက်ခဲနေတာကို ကျနော်တို့ တွေ့ရတယ်။ တချို့ကလည်း ပစ္စည်းက ပါမလာတော့ နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့၊ အဝတ်အထည်ကအစ လိုအပ်ချက်တွေရှိတာကိုတော့ ကျနော်တို့သိရတယ်။ နဂိုမူလကတော့ ၅ သောင်းလောက် ဒီဘက်မှာ ရှိနေတဲ့ဟာက အခု ၁ သောင်းကျော် ထပ်ပြေးလာတယ်ဆိုတော့ ၆ သောင်းကျော်လောက် ဒီဘက်မှာ ရောက်နေကြတာပေါ့လေ။”

ဒါ့အပြင် အဆိုပါဒေသတွေမှာ ရွာလုံးကျွတ်ဖျားနာနေတာရှိပြီး ဆေးဝါးအကူညီမရောက်တဲ့ အနေအထား ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် လူပေါင်း ၁၇၀,၀၀၀ ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013