DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်မီး ဆက်တိုက်ပျက်နေသဖြင့် ရန်ကုန်မြို့ခံများ ရေအခက်ကြုံ
DVB
·
March 10, 2022
လျှပ်စစ်မီး ဆက်တိုက်ပျက်နေသဖြင့် ရန်ကုန်မြို့ခံများ ရေအခက်ကြုံ
Donate to DVB

ရန်ကုန်တိုင်းအတွင်း မြို့နယ်အတော်များများမှာ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပျက်နေပြီး မီးပြန်လာတဲ့ အချိန်ခဏအတွင်းမှာ ရေတင်တဲ့သူတွေ များတာကြောင့် အထပ်မြင့်မှာ နေထိုင်တဲ့ပြည်သူတွေ ရေရရှိဖို့ အခက်အခဲ ကြုံတွေ့နေကြရပါတယ်။
ရန်ကုန်မြို့ခံတဦးက “မီးက အချိန်အကြာကြီးပြတ်တယ်၊ မီးလာတဲ့အချိန်မှာ အားလုံးက ဝိုင်းဆွဲကြတော့ မီးအားက မနိုင်ဘူး၊ တခါတလေ မီးလာလိုက်၊ ချက်ချင်း မီးက ပြန်ပြတ်သွားတာမျိုးတွေ ဖြစ်နေတော့ ရေက လုံးဝမရဘူး။ အပေါ်ထပ်မှာနေတဲ့သူတွေဆိုရင် ရေတင်လို့မရတော့ အိမ်သာတက်ဖို့တောင် ရေမရဘူး” လို့ ပြောပါတယ်။
တာမွေမြို့နယ်၊ ကျောက်မြောင်း၊ စမ်းချောင်းမြို့နယ် မြေနီကုန်း စတဲ့နေရာတွေက အထပ်မြင့်မှာ နေထိုင်သူတွေ ရေရရှိဖို့ ပိုမိုခက်ခဲနေတယ်လို့လည်း သိရပါတယ်။
အလားတူ ယုဇနအိမ်ရာလို နေရာတွေမှာ နေထိုင်သူတွေအတွက်လည်း ရေရရှိဖို့ ပိုပြီး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “မီးက မကြာခဏဆိုသလို ပျက်နေတော့ အိမ်ရာထဲမှာ စက်နဲ့မောင်းတင်ပြီး အလှည့်ကျပေးရတာဆိုတော့ အချိန်အကြာကြီး စောင့်ရတယ်။ မီးကလည်း လာရင် ခဏ၊ ပြတ်ရင်အကြာကြီး။ ကိုယ့်အလှည့်က မရောက်သေးဘူး၊ မီးပြတ်ပြီ။ အပြင်ကရေဝယ်ရင် ရေတစည်ကို ၇,၀၀၀ လောက်အထိ ပေးရတယ်။ မီးစက်နဲ့ တင်ဖို့ကလည်း အခုဆီဈေးက ၂,၀၀၀ ကျော်ဆိုတော့ ဘယ်သူမှ မတင်နိုင်ဘူး။ ရေတင်ဖို့စောင့်ရင်း မီးပြတ်သွားပြီး ကိုယ့်အလှည့်ကို မရောက်လိုက်ရင် စိတ်တွေတိုရနဲ့ တကယ်စိတ်ပျက်စရာကြီး” လို့ ပြောပါတယ်။
တချို့မြို့နယ်တွေမှာတော့ မီးမလာတဲ့အချိန်မှာ မီးစက်နဲ့ ရေလိုက်တင်ပေးတဲ့ ဝန်ဆောင်မှုတွေ၊ ရေစည်လှည်းနဲ့ ရေလိုက်ရောင်းနေတာတွေလည်း မြင်တွေ့နေရပါတယ်။
အခုလို နွေရာသီမှာ ရာသီဥတုပူပြင်းတဲ့အပြင် လျှပ်မီးပြတ်တာရော ရေမလာတဲ့အတွက် ပြည်သူလူထုတွေဟာ အပူဒဏ်ကို ပိုပြီး ခံစားနေကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013