DVB Logo
Home
မြန်မာသတင်း
ဗထူးအားကစားကွင်း ပတ်လည်ရှိ ဆိုင်ခန်းများ ဖယ်ရှားရန် စစ်ကောင်စီ အမိန့်ထုတ်
DVB
·
March 10, 2022
ဗထူးအားကစားကွင်း ပတ်လည်ရှိ ဆိုင်ခန်းများ ဖယ်ရှားရန် စစ်ကောင်စီ အမိန့်ထုတ်
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဗထူးအားကစားကွင်း ဘေးပတ်လည်ရှိ ဈေးဆိုင်ခန်းတွေနဲ့ တိုက်ခန်းတွေကို မတ်လကုန် နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ စစ်ကောင်စီက အမိန့်စာထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ဗထူးအားကစားကွင်း ပတ်ပတ်လည်မှာ ဆိုင်ခန်းနဲ့ လူနေတိုက်ခန်းပေါင်း ၁၃၀ ကျော်ရှိပြီး တခန်းကို ကာလပေါက်ဈေး သိန်း ၁ ထောင်လောက်အထိရှိကာ အခုလို အားကစားဌာနက ဖယ်ရှားပေးဖို့ တောင်းဆိုလာတာကို ကာယကံရှင်တွေ မကျေမနပ် ဖြစ်နေကြပါတယ်။
“ဒီဆိုင်ခန်းတွေကို နိုင်ငံတော်က ရောင်းချခဲ့ပြီး အဆောက်အဦတခုကို နေထိုင်ခွင့် နှစ် ၃၀ ကျော်လောက် ပေးထားပြီး အချိန်ပြည့်ရင် ပြန်လည်အပ်နှံရမယ်လို့ သူတို့ကို ပြောထားတယ်။ အစိုးရရောင်းတုန်းက သိန်းဆယ်ဂဏန်းလောက်နဲ့ ရောင်းခဲ့တာ မြေကွက်ပွဲစားတွေက ကာလပေါက်ဈေးနဲ့လိုက်ပြီး အဆမတန် ဈေးတွေမြှင့်ရောင်းတာကြောင့် အခုဆိုဈေးက ထောင်ချီဖြစ်ကုန်ရော၊ အရင်ကရောင်းတဲ့ဈေးနဲ့ စဝယ်တည်းက နေတဲ့သူတွေဆို တန်နေပြီ” လို့ ဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီဆိုင်ခန်းတွေနဲ့ လူနေတိုက်ခန်းတွေဟာ သက်တမ်း ၈ နှစ် ကျန်သေးပြီး နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ကိုဗစ်-၁၉ ရောဂါတွေကြောင့် စီးပွားရေးမကောင်းတဲ့အချိန် ဖယ်ရှားပေးဖို့ အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံအမျိုးသမီးတဦးက “ကျမတို့ ဒီကာလမှာ ကုန်ဈေးနှုန်းတွေ တက်လာတာတွေရော၊ နိုင်ငံရေးကြောင့် စီးပွားရေး မကောင်းတာကြောင့်ရော စားဝတ်နေရေးကို မနည်းရုန်းကန်နေရတာ။ အခုလို ဗြုန်းစားကြီး ဒီလကုန် အပြီးဖယ်ပေးဖို့ ပြောလာတော့ ဘယ်လိုလုပ်ရမလဲတောင် မသိဘူး။ ပင်စင်လစာနဲ့ စားနေရတာမို့ အိမ်ငှားခပေးဖို့တောင် မတတ်နိုင်တော့ဘူး” လို့ ပြောပါတယ်။
အခုလို ဖယ်ရှားခိုင်းတာဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီသလို ဘာမှ တာဝန်ယူပေးတာမျိုးလည်း မရှိဘူးလို့ အဲဒီဝန်းကျင်မှာ နှစ် ၂၀ ကျော် နေထိုင်လာတဲ့ အမျိုးသားတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့ဘက်က တိုက်ရိုက်လာမပြောဘူး။ စာတိုက်ကတဆင့် အကြောင်းကြားစာပို့တယ်။ ကျနော်တို့မှာ နေထိုင်ခွင့်သက်တမ်းက ၈ နှစ်လောက် ကျန်နေသေးတယ်။ ဒါကို အခု ဖယ်ရှားခိုင်းတာ လုပ်ထုံးလုပ်နည်းနဲ့လည်း မညီဘူး။ ဥပဒေအရဆို ဒီလိုဖယ်ခိုင်းရင် နေရာတခုခု စီစဉ်ပေးတာ၊ လျှော်ကြေးပေးတာတွေကို နိုင်ငံတော်က လုပ်ပေးရမှာကို၊ အခုကြ ဘာမှ တာဝန်ယူပေးတာမျိုးကို မရှိဘူး။"
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ဗထူးကွင်းကို လာရောက်ခဲ့ပြီး ကွင်းရဲ့ လျှောက်လမ်းတွေ တိုးချဲ့အဆင့်မြှင့်တင်ဖို့၊ မျက်နှာစာမှာ ကွယ်နေတာတွေကို ရှင်းလင်းဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
မန္တလေးမြို့မှာ အကွက်အကွင်းကျတဲ့ အဲဒီနေရာကို စစ်ကောင်စီက မျက်စိကျလို့ ဖယ်ရှားခိုင်းတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆကြပေမဲ့ စစ်တပ်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကေတာ့ ဗထူးအားကစားကွင်း မျက်နှာစာက ဆိုင်ခန်းတွေက ကွယ်နေတာကြောင့် အားကစားကွင်းကိုတောင် မမြင်ရေတာ့ဘူး၊ အချက်အချာကြတဲ့ အားကစားကွင်းကို သေချာ ရှင်းရှင်းလင်းလင်း မြင်ရဖို့လိုတယ်၊ အခုက ဗထူးအားကစားကွင်းဆိုရင် ဘယ်ရှာရမလဲ မသိအောင် အထိကို အခြေအနေဆိုးနေတာ၊ ဗထူးကွင်းဆိုတာနဲ့ ဈေးဆိုင်တွေပဲ ပြေးမြင်နေတာကြောင့် ဖယ်ရှားခိုင်းတာလို့ သုံးသပ်ကြပါတယ်။
ဆိုင်ခန်းပိုင်ရှင်တွေထဲမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကမှ သိန်းထောင်ဂဏန်းနဲ့ ဝယ်ယူထားတဲ့ ဆိုင်ခန်းပိုင်ရှင်တွေလည်း ရှိနေပါတယ်။
အကြောင်းကြားစာမှာတော့ နိုင်ငံတော်လိုအပ်ချက်ကြောင့် ဗထူးအားကစားကွင်းရှိ ဆိုင်ခန်း ၁၃၃ ခန်း၊ အောင်မြေမန္တလာ အားကစားကွင်းရှိ ဆိုင်ခန်း ၉၅ ခန်းနဲ့ ပြင်ဦးလွင် အားကစားကွင်းရှိ ဆိုင်ခန်း ၁၆၂ ခန်းတို့ကို မတ် ၃၁ ရက် နောက်ဆုံးထား ဖယ်ရှားဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013