
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ထဲက ဒေးဝန်းအရှေ့ရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ် (၂၈၃)၊ မြေကွက်အမှတ် (၂-က)၊ မြို့နယ် အားကစားကွင်း ဘေးပတ်လည်က ဆိုင်ခန်းနဲ့ လူနေတိုက်ခန်း ၁၇၂ လုံးကို ဒီလကုန် အပြီးဖယ်ရှားပေးဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
မြေဧရိယာ အကျယ်အဝန်း ၅.၉၃၇၆ ဧက ဝန်းကျင်ရှိတဲ့ အဲဒီဧရိယာထဲမှာ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေ အပါအဝင် လူနေအိမ်ခန်းတွေလည်း ပါဝင်ပါတယ်။
အဲဒီဆိုင်ခန်းတွေကို ဖျက်ပစ်ဖို့ စစ်တပ် အာဏာသိမ်းပြီးကတည်းက စီစဉ်နေတာဖြစ်ပြီး ဆိုင်ခန်းရှင်တချို့ အယူခံတင်ခဲ့တာကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လထဲမှာ ပယ်ချခဲ့တယ်လို့လည်း နီးစပ်သူတွေထံက သိရပါတယ်။
ကျောက်ဝယ်ရောင်းလုပ်ကိုင်သူတယောက်က “အကုန်ပတ်ဖျက်နေတာပါဗျာ၊ ကျောက်ဝိုင်းနားတင် မဟုတ်ဘူး။ မြို့သစ်ဘက်က ဘောလုံးကွင်းတွေနားလည်း ဖျက်နေတာ။ အဲဒီနေရာကတော့ ဟိုးအရင်ကတည်းက ရှိနေတာ။ ဆိုင်ခန်းတွေလေ။ ကျောက်လုပ်ငန်းသမားတွေပေါ့။ ကုမ္ပဏီတွေပေါ့။ လက်ဖက်ရည်ဆိုင်တွေ ဘာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
အဲဒီနေရာမှာ အားကစားနှင့် ကာယပညာဦးစီးဌာနနဲ့ စစ်အာဏာရှင်လက်အောက်ခံ မန္တလေးတိုင်းအစိုးရတို့ ပူးပေါင်းပြီး စီမံကိန်းဖော်ဆောင်ဖို့ ရှိနေတာလို့ သတင်းထွက်နေပေမဲ့ သက်ဆိုင်ရာက အသိပေးတာ၊ ရှင်းလင်းပြောကြားတာတွေ မရှိဘူးလို့လည်း နီးစပ်သူတွေထံက သိရပါတယ်။
ဒါပေမဲ့ စစ်အုပ်စုဘက်က အဲဒီနေရာမှာရှိတဲ့ ဆိုင်ခန်းနဲ့ အဆောက်အအုံတွေကို ဒီလ ၂၈ ရက် နောက်ဆုံးထား ဖယ်ရှားပေးဖို့ ညွှန်ကြားထားပြီး မဖယ်ပေးရင် အင်အားသုံး ဖယ်ရှားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
Photo: DVB










