
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ အဆင့်မြင့် မင်္ဂလာဈေးသစ်ကြီးကို နိုဝင်ဘာလအတွင်း ပြန်ဖွင့်လှစ်မယ်လို့ သတင်းထွက်ပြီးနောက်ပိုင်း ဆိုင်ခန်းအရောင်းအဝယ်နဲ့ အငှားဈေးနှုန်းတွေ အဆမတန် ကြီးမြင့်နေတာကြောင့် ဈေးသည်တွေကြား ဝေဖန်နေပါတယ်။
လက်ရှိ ပေါက်ဈေးတွေအရ ၁၀ ပေပတ်လည် ဆိုင်ခန်းတခန်းကို ကျပ်သိန်း ၇,၀၀၀ ကနေ သိန်း ၁၅,၀၀၀ ဝန်းကျင်အထိ ရှိနေပြီး၊ ၅ ပေပတ်လည် ဆိုင်ခန်းတွေကတော့ ကျပ်သိန်း ၃,၀၀၀ ကနေ ၅,၀၀၀ ကြား ပေါက်ဈေးရှိနေတယ်လို့ ဈေးသူဈေးသားတွေက ပြောပါတယ်။
ကုမ္ပဏီဘက်က ထပ်တိုးဆောက်လုပ်ထားတဲ့ မြေအောက်ထပ်နဲ့ အထက်ထပ် ဆိုင်ခန်းတွေကို ရောင်းချရာမှာ စက်လှေကားဘေးလို နေရာကောင်း ဆိုင်ခန်းတွေဟာ ကျပ်သိန်း ၁၄,၀၀၀ အထိ ပေါက်ဈေးရှိနေတယ်လို့ မင်္ဂလာဈေးသစ်မှာ ချုပ်ထည် လက်လီလက်ကားဆိုင် ဖွင့်လှစ်မဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။
အခုလို ဆိုင်ခန်းတွေ တည်ဆောက်လို့ မပြီးခင်မှာပဲ ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာဟာ ကြားပွဲစားတွေရဲ့ စျေးဆွဲတင်မှုတွေကြောင့်လည်း ပါဝင်တယ်လို့ ပြောပါတယ်။
ဈေးသစ်မှာ ဆိုင်ခန်းအကျယ်အဝန်းကို ၁၀ ပေပတ်လည်နဲ့ ၅ ပေပတ်လည်ဆိုပြီး ၂ မျိုး ခွဲခြားထားတာပါ။
၅ ပေပတ်လည် ဆိုင်ခန်းတွေကိုတော့ နဂိုမူလပိုင်ရှင်တွေကို ငွေကြေး ထပ်မံကောက်ခံခြင်းမရှိဘဲ၊ စည်ပင်စာအုပ်ပါ နံပါတ်အတိုင်း နေရာဟောင်းမှာ အခမဲ့ ပြန်လည်ပေးအပ်တာလို့ သိရပါတယ်။
ဆိုင်ခန်းအငှားဈေးနှုန်းတွေကတော့ လျှောက်လမ်း အကျယ်အဝန်းနဲ့ နေရာအပေါ်မူတည်ပြီး တလကို အနည်းဆုံး ကျပ် ၆ သိန်းဝန်းကျင်ကနေ ပေါက်ဈေးရှိနေကာ၊ အနည်းဆုံး တနှစ်စာချုပ်နဲ့ ငှားရမ်းရမှာဖြစ်တယ်လို့ ဈေးဆိုင်ခန်းပွဲစားတချို့က ဆိုပါတယ်။
မင်္ဂလာဈေးကြီးဟာ ၂၀၁၀ ပြည့်နှစ် မေလနဲ့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတို့မှာ ၂ ကြိမ်တိုင်တိုင် မီးလောင်ကျွမ်းခဲ့တာကြောင့် ဈေးသူဈေးသားတွေအနေနဲ့ မီးဘေးအန္တရာယ်ကို စိုးရိမ်နေကြပြီး၊ လက်ရှိ ပြန်လည်ဖွင့်လှစ်မဲ့ ဈေးသစ်မှာလည်း မီးဘေးအာမခံပါဝင်ခြင်း မရှိသေးတဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။
ဒီမင်္ဂလာဈေးကြီးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ဆန်းမြတ်ထွန်း ဆောက်လုပ်ရေးကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းကာ အဆင့်မြင့်ဈေးကြီးအဖြစ် ပြန်လည်တည်ဆောက်ခဲ့ပါတယ်။
ဆောက်လုပ်စဉ်ကာလက မူလဆိုင်ခန်းပိုင်ရှင်တွေကို ၇ ပေပတ်လည် ဆိုင်ခန်းတွေ ဆောက်ပေးမယ် ဆိုကာ ငွေထပ်မံကောက်ခံဖို့ ညှိနှိုင်းခဲ့ပေမဲ့ ဈေးသည်အများစုက လက်မခံခဲ့လို့ မူလအတိုင်း ၅ ပေပတ်လည် ဆိုင်ခန်းတွေကိုသာ ပြန်လည်တည်ဆောက်ပေးခဲ့တာလို့ သိရပါတယ်။











