
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်မှာ မတ်လ ၉ ရက်နေ့ မနက် ၉ နာရီလောက်က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အင်အား ၃၀ လောက်ရှိ စစ်ကောင်စီတပ်ဖွဲ့က လေးကေ့ကော်မြို့သစ်တောင်ကုန်းပေါ်မှာ ကင်းလှည့်နေချိန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ KNLA တာဝန်ရှိသူတဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၂ ဦးကျဆုံးခဲ့ပြီးနောက် အလောင်းပြန်မကောက်ဘဲ ဆုတ်ခွာသွားခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီနောက် စစ်ကောင်စီတပ်က ညနေ ၄ နာရီလောက်မှာ စစ်ရဟတ်ယာဉ် ၂ စီးနဲ့ လေးကေ့ကော်မြို့သစ်တောင်ဘက် KNLA ယာယီစခန်းတွေကို လာရောက် ပစ်ခတ်ခဲ့ပြီး ထိခိုက်တာတော့ မရှိဘူးလို့ ဆိုပါတယ်။ကရင်ပြည်နယ် မြဝတီခရိုင်ထဲက တပ်မဟာ ၆ ဒေသအတွင်း စစ်ကောင်စီတပ်က ကျူးကျော်ဝင်ရောက်ထားတဲ့ စခန်းတွေကနေ ၃ ရက်အတွင်း ထွက်ခွာဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။