DVB Logo
Home
မြန်မာသတင်း
ဟန်ပြလွတ်ငြိမ်းချမ်းသာခွင့်နှင့် သမ္မတဦးဝင်းမြင့်၏ နိုင်ငံရေးအကျပ်အတည်း
မြတ်သဇင်
·
April 23, 2026
Photo: သမ္မတရုံး 
Photo: သမ္မတရုံး 
Donate to DVB

မြန်မာနှစ်သစ်ကူး အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီးနောက် သမ္မတကြီး ဦးဝင်းမြင့်ရဲ့ နေပြည်တော်က နေအိမ်ရှေ့မှာ စစ်အုပ်စုက စောင့်ကြည့်စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် ပြုလုပ်နေတယ်လို့ သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

ဒါ့အပြင် NLD ဗဟိုအလုပ်အမှုဆောင် တချို့ရဲ့ နေအိမ်တွေရှေ့မှာပါ စစ်ထောင်လှမ်းရေးတွေက တင်းကျပ် စောင့်ကြည့်တာတွေ ရှိနေပါတယ်။

အခုလိုမျိုး နာမည်ကြီး နိုင်ငံရေးခေါင်းဆောင်တွေကို လွှတ်ပေးတာဟာ စစ်အုပ်စုရဲ့ ဟန်ပြ နိုင်ငံရေးကစားကွက်တခုသာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုထင်ကျော်အေးက ရှုမြင်ပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ် ဆိုတဲ့ နေရာမှာ ကြည့်လိုက်ရင် ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အနှစ်သာရရှိရှိ လွှတ်ပေးတာထက် နာမည်ကြီး နိုင်ငံရေးအကျဉ်းသား တဦး နှစ်ဦးကို ထည့်ပြီးတော့ လွှတ်ပေးနေတာမျိုးပေါ့၊ ဒါမျိုးတွေကို တွေ့ရတယ်။ နောက်တခုက ဒီလိုမျိုး လွှတ်လိုက်တယ် ဆိုရင်လည်း တကယ့်ကို အနှစ်သာရရှိရှိ အပြင်မှာ နိုင်ငံရေးလှုပ်ရှားမှု လုပ်နိုင်ဖို့ဆိုတာ မဟုတ်ဘဲနဲ့ သူ့အတွက် အန္တရာယ်မရှိနိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် လွှတ်ပေးပြီးနောက်ပိုင်းမှာ ထိန်းချုပ် ကန့်သတ်နေတာမျိုးတွေနဲ့ ပတ်သက်ရင် တွေ့ရတယ်ပေါ့နော်။”

စစ်အာဏာရှင် မင်းအောင်လှိုင်က အရပ်ဝတ်လဲပြီး အစိုးရသစ်ပြောင်းပြီးနောက် နိုင်ငံတကာရဲ့ ထောက်ခံမှု ရရှိဖို့ အချိန်ကိုက် သမ္မတ ဦးဝင်းမြင့်ကို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ တခြားတဖက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို စစ်အုပ်စုက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီး ဦးဝင်းမြင့်ဟာ  NUG အစိုးရရဲ့ သမ္မတနေရာမှာ ရှိနေတဲ့ လက်ရှိအနေအထားဟာ အင်မတန် အကျပ်ရိုက်စရာ ဖြစ်နေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

“စစ်တပ်ဘက်က တကယ် ပြုပြင်ပြောင်းလဲရေးကို တကယ်စိတ်မဝင်စားဘူး၊ တကယ်မလုပ်ဘူး ဒါမှမဟုတ် အချိန်မရွေး သူ့အတွက် အန္တရာယ်ရှိလာတယ်လို့ ဒါမှမဟုတ်ရင် ချိတ်ဆက် ပတ်သက်မှုတွေ ရှိတယ်လို့ သံသယရှိတာနဲ့ ဖမ်းထည့်လို့ရမဲ့ အနေအထားမျိုး ဖြစ်နေတဲ့အတွက် နေရထိုင်ရ တော်တော်ခက်မဲ့ သဘောတော့ ရှိပါတယ်ခင်ဗျ။”

ဒီလို တင်းကျပ်တဲ့ အစောင့်အကြပ်တွေကြားထဲမှာ သမ္မတ ဦးဝင်းမြင့်ကို နိုင်ငံရေးကနေ အနားယူဖို့၊ ဒါမှမဟုတ် တော်လှန်ရေးအင်အားစုတွေနဲ့ မပတ်သက်ဖို့ စစ်အုပ်စုက ဖိအားပေးတာမျိုးတွေ ရှိလာနိုင်မလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒီအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ စမ်းချောင်းမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးကတော့ ဖိအားတွေ ရှိလာနိုင်ပေမဲ့ သမ္မတကြီးရဲ့ ရပ်တည်ချက်က ခိုင်မာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

“သမ္မတကြီး ဦးဝင်းမြင့်ကို နိုင်ငံရေးဆက်မလုပ်ဖို့ စစ်တပ်ကနေ ဖိအားပေးတာတွေ ရှိကောင်း ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်ထင်တယ်ဗျ၊ သမ္မတ ဦးဝင်းမြင့်က လွတ်လွတ်လပ်လပ် ဆုံးဖြတ်မှာပါ။ ဖိအားတစုံတရာကြောင့်တော့ သူက လုပ်မယ် မလုပ်ဘူး ဆိုတာတွေပေါ့နော်၊ သူ့ဘာသာသူ လွတ်လပ်စွာပဲ ဆုံးဖြတ်ပါလိမ့်မယ်ခင်ဗျ။”

ဒါပေမဲ့ နိုင်ငံရေးလေ့လာသူတွေကတော့ အဆိုးဆုံးအခြေအနေကို ကြိုတင်တွေးတောထားဖို့ သတိပေးနေကြပါတယ်။

တကယ်လို့ ဓားစာခံသဖွယ် ဖြစ်နေတဲ့ သမ္မတ ဦးဝင်းမြင့် အနေနဲ့ စစ်အုပ်စုရဲ့ ခြိမ်းခြောက်ဖိအားပေးမှု (Under Duress) အောက်ကနေ နိုင်ငံရေးနဲ့ပတ်သက်တဲ့ စကားတခွန်းခွန်း ပြောလာရပြီဆိုရင် ဒီအပေါ် NUG နဲ့ တော်လှန်ရေးအင်အားစုတွေဘက်က ဖရိုဖရဲ မဖြစ်သွားအောင် ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ အကြံပြုထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက “အကြောင်းအမျိုးမျိုးကြောင့် ဖိအားတွေပေါ်လာလို့ သမ္မတ ဦးဝင်းမြင့် အနေနဲ့ တစုံတခုကို ပြောလိုက်ရတယ်၊ ဆိုလိုက်ရတယ်၊ ဒါမှမဟုတ် သူ့ရဲ့ ရပ်တည်ချက်တခုခု၊ သူ့ရဲ့ ပင်ကိုယ်ရပ်တည်ချက်ကို ထုတ်ဖော်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဖိအားတခုခုကြောင့် ပြောလိုက်ရတာပဲဖြစ်ဖြစ် တခုခု ထွက်လာပြီဆိုတဲ့ အချိန်မှာ ဒီဘက်မှာရှိနေတဲ့ အုပ်စုကြီး ဖရိုဖရဲမဖြစ်အောင် ဒီအချိန်မှာကတည်းက စဉ်းစားထားဖို့လိုတယ်။ ပြီးသွားရင် ဒီလိုမျိုးဖိအားနဲ့ နေနေရတဲ့ အနေအထား ဖြစ်တယ်။ အဲ့အတွက်ကြောင့် ပြောလာ ဆိုလာတဲ့ဟာကို under duress လို့ ခေါ်မှာပေါ့နော်။ အဲလိုမျိုး လွှမ်းမိုးမှု ဖိအားတခုခု ရှိနေတဲ့ အချိန်မျိုးမှာ ထုတ်ဖော်ရတဲ့ စကားတွေသာ ဖြစ်တဲ့ဟာကို သက်ဆိုင်ရာနိုင်ငံတွေ၊ သက်ဆိုင်ရာ သံတမန် အသိုင်းအဝိုင်းတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပြောထားဖို့ လိုတယ်။ ပြီးသွားရင် သူတို့အနေနဲ့ ခေါင်းဆောင်မှုအပိုင်းမှာ ထည့်ထားတဲ့ဟာကနေ ဆန့်ကျင်ဘက် သဘောထားတွေ ဖြစ်လာတဲ့အခါမှာ ဘယ်လိုကိုင်တွယ်ဖြေရှင်းမယ် ဆိုတဲ့ဟာတွေလည်း အစီအမံတွေလည်း စဉ်းစားထားဖို့ လိုမယ်လို့ မြင်တယ်ခင်ဗျ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ သမ္မတ ဦးဝင်းမြင့် ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းကလည်း အနီးကပ် စောင့်ကြည့်နေကြပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ဗြိတိန်၊ အမေရိကန်၊ ဩစတြေးလျနဲ့ ကနေဒါ သံရုံးတို့က ဦးဝင်းမြင့် လွတ်မြောက်လာတာကို ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။

တချို့သံရုံးတွေက နာမည်ကိုပဲ အသုံးပြုခဲ့ပေမဲ့ ကနေဒါအစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်မှာတော့ “မြန်မာနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်” နဲ့ “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်” ဆိုတဲ့ ရာထူးအမည်တွေကို ဆက်လက် အသိအမှတ်ပြု သုံးစွဲပြီး ထုတ်ပြန်သွားခဲ့ပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013