DVB Logo
Home
မြန်မာသတင်း
စစ်တပ်က မတရားပြုကျင့်သတ်ဖြတ်ခဲ့သည့် သားအမိအပါအဝင် ကျဆုံးပြည်သူ ၁၆၂၃ ဦးရှိလာ
DVB
·
March 9, 2022
စစ်တပ်က မတရားပြုကျင့်သတ်ဖြတ်ခဲ့သည့် သားအမိအပါအဝင် ကျဆုံးပြည်သူ ၁၆၂၃ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၆၂၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၂၅၆၀ ယောက်ထိရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ် ၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉၅၃၃ ယောက် လက်ရှိချုပ်နှောင်ခံထားရ ဆဲဖြစ်ပြီး အဲဒီထဲက ၈၃၃ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၇၃ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၄ ယောက် ရှိပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁ ရက်က မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကျောင်းကုန်းကျေးရွာ အုပ စု၊ ဂွေ့ကြီးကျေးရွာက ရာအိမ်မှူးနေအိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စစ်သားတွေ ကျေးရွာထဲကို ရောက်ရှိလာခဲ့ပြီး ဒေသခံရွာသား ကိုဝေဖြိုးအောင်အပါအဝင် မိသားစုဝင် ၄ ယောက်နဲ့ သူငယ်ချင်း ၃ ယောက်တို့ကို ဖမ်းဆီးသွားခဲ့ကြတယ်လို့ သိရပါတယ်။ မတ် ၅ ရက်ညအချိန်မှာတော့ စစ်သားတွေက ကိုဝေဖြိုးအောင်ကို ရွာကိုပြန်လည်ခေါ်ဆောင်လာခဲ့ပြီး ရွာအတွင်း အနည်းငယ်ရှာဖွေမှုပြုလုပ်ကာ သူတို့ ပြန်မထွက်မီ ကိုဝေဖြိုးအောင်ကို ရွာလမ်းမမှာ ပစ်သတ်ခဲ့ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် မတ် ၅ ရက်ညအချိန်က အကြမ်းဖက်စစ်အုပ်စုတပ်တွေဟာ မကွေးတိုင်းဒေသ ကြီး၊ ပေါက်မြို့နယ်၊ အင်းငယ်ဒေါင့်ကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ် ကာ ဝင်ရောက်စီးနင်းခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေတဲ့ အသက် ၄၂ နှစ်အရွယ် မအေးအေးဝင်းနဲ့ အသက် ၃ နှစ်အရွယ် သမီးဖြစ်သူ မရတီမိုးကို ဖမ်းဆီးခဲ့ကြောင်း သိရှိရ ပါတယ်။ အဲဒီနောက် နေအိမ်ရှေ့ဇရပ်ပေါ်မှာ မအေးအေးဝင်းကို မတရားပြုကျင့်ကာ သတ် ဖြတ်ခဲ့ပြီး သမီးဖြစ်သူ မရတီမိုးကိုတော့ ဓားနဲ့ ဘယ်ဘက်ရင်အုံကို ထိုးသတ်ခဲ့ကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန် ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013