စစ်ပွဲအဆုံးသတ်ဖို့ ဆွေးနွေးချင်ရင် အီရန်ဘက်က ဖုန်းခေါ်လို့ရတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဧပြီ ၂၆ ရက်မှာ ပြောပါတယ်။
ဒေါ်နယ်ထရမ့်ပ်က“သူတို့ ဆွေးနွေးချင်တယ်ဆိုရင် ကျနော်တို့ဆီ လာနိုင်ပါတယ်၊ ဒါမှမဟုတ် ဖုန်းဆက်လို့ရပါတယ်။ သိတဲ့အတိုင်းပဲ၊ ဖုန်းရှိတယ်လေ၊ ကျနော်တို့ဆီမှာ ကောင်းမွန်လုံခြုံတဲ့ ဖုန်းလိုင်းတွေ ရှိပါတယ်” လို့ ဧပြီ ၂၆ ရက်က Fox News အင်တာဗျူးမှာ ပြောပါတယ်။
“သဘောတူညီချက်မှာ ဘာပါရမလဲဆိုတာ သူတို့သိပါတယ်။ အရမ်းရိုးရှင်းပါတယ်၊ သူတို့မှာ နျူကလီးယားလက်နက် မရှိရပါဘူး။ အဲဒီလိုမှမဟုတ်ရင် တွေ့ဆုံစရာ အကြောင်းမရှိပါဘူး” လို့ ထရမ့်ပ်က ဆက်ပြောပါတယ်။
အီရန်ရဲ့ကမ်းလှမ်းချက်ဟာ မလုံလောက်တဲ့အတွက် အမေရိကန်ကိုယ်စားလှယ်တွေရဲ့ ပါကစ္စတန် ခရီးစဉ်ကို ဖျက်သိမ်းခဲ့တယ်လို့ ထရမ့်ပ်က ဆိုပါတယ်။
အမေရိကန်ကိုယ်စားလှယ်တွေ မလာပေမဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘားစ်အာရက်ဂ်ချီဟာ ပါကစ္စတန်ကို သွားရောက်ခဲ့ပါတယ်။
အဲဒီနောက် ဟော်မုဇ်ရေလက်ကြား လုံခြုံရေးကိစ္စအတွက် အိုမန်နိုင်ငံကိုလည်း သွားရောက်ခဲ့ပါတယ်။
အာရက်ဂ်ချီဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဧပြီ ၂၇ ရက်မှာ တွေ့ဆုံဖို့ ရုရှားနိုင်ငံကိုလည်း ထွက်ခွာသွားပါတယ်။
လက်ရှိမှာ အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားသလို အမေရိကန်ကလည်း အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားပါတယ်။
ပိတ်ဆို့မှုတွေနဲ့ ခြိမ်းခြောက်နေသရွေ့ အတင်းအကျပ် ဆွေးနွေးမှုမျိုးကို လက်ခံမှာမဟုတ်ဘူးလို့ အီရန်သမ္မတ မာဆွတ် ပေဇက်ရှ်ကီယန်က ပြောပါတယ်။
ဒါပေမဲ့ အီရန်ခေါင်းဆောင်ပိုင်းကြားမှာ ကြီးမားတဲ့ အကွဲအပြဲတွေ ဖြစ်နေတယ်လို့ ထရမ့်ပ်က ဝေဖန်ထားပါတယ်။
Source: Reuters











