ကချင်ပြည်နယ်၊ မံစီမြို့နယ် မိုင်းခေါင်ရွာအနီး ဝန်းကျင်မှာ မတ် ၈ ရက်နေ့ မနက် ၁၀ နာရီလောက်ကစပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေတာလို့ ဒေသခံတွေက ပြောပါတယ်။
“မနက် ၁၀ နာရီလောက်တည်းက တိုက်ပွဲဖြစ်နေတာ။ လက်နက်ကြီးပစ်သံတွေနဲ့ သေနတ်သံတွေ ကြားနေရတာ အဆက်မပြတ်ပဲ၊ ၁၅ လုံးလောက်ရှိပြီ။ စစ်သားတွေ အများကြီးရောက်လာတယ်” လို့ မိုင်းခေါင်ဒေသခံတဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားရာနေရာကို မံစီမြို့နယ် ဟန်ထက်ကျေးရွာ မနောဟရီစေတီတော်ဝင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအင်အား ၁၀၀ ကျော် တက်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
နှစ်ဘက်ထိခိုက်မှုကို မသိရသေးဘဲ တိုက်ပွဲဖြစ်ပွားရာအနီး ဒေသခံတွေ မိုင်းခေါင်ရှိ ဘုရားကျောင်းနဲ့ IDP စစ်ရှောင်စခန်းတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရှိရပါတယ်။
ကချင်ပြည်နယ် ရွှေကူမြို့နယ်ရှိ စီမော်ရွာနဲ့ မံဝိန်းရွာကြားမှာလည်း မတ် ၇ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်က စစ်ကောင်စီတပ်နဲ့ KIA၊ ရွှေကူ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မန်ဝိန်းရွာအနီးအနားမှာ မနက် ၉ နာရီကျော်လောက် တပ်စွဲလာတဲ့ စစ်ကောင်စီတပ်နဲ့ KIA၊ ရွှေကူ PDF ပူးပေါင်းတပ်တို့ မွန်းလွဲပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် နာရီဝက်ကျော်လောက်အတွင်း လက်နက်ကြီးသံတွေနဲ့ သေနတ်သံတွေ ဆူညံနေပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၃ ဦး သေဆုံး၊ PDF ဘက်က ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
KIA နဲ့ ရွှေကူ PDF ပူးပေါင်းတပ်က ကြိုတင်သတိပေးထားတာကြောင့် ဒေသခံတွေ အချိန်မီ တိမ်းရှောင်နိုင်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ သိရပါတယ်။