DVB Logo
Home
Lead Story
မြေယာအသိမ်းခံရခြင်းနောက်ကွယ်မှ လွတ်မြောက်နေဆဲ တရားခံများ 
DVB
·
June 20, 2026
မြေယာအသိမ်းခံရခြင်းနောက်ကွယ်မှ လွတ်မြောက်နေဆဲ တရားခံများ 
Donate to DVB

ပြင်ဦးလွင်မြို့အဝင် သုံးတောင်ရွာမှ လူနေအိမ်များ ဖျက်သိမ်းခံလိုက်ရပြီဆိုသည့် သတင်းကို ဇွန်လ ၁၃ ရက်တွင် လူမှုကွန်ရက်တွင် တွေ့မြင်လိုက်ရ၏။ အခိုင်အမာ ဆောက်လုပ်ထားသည့် တိုက်တာ အိမ်ရာများစွာသည် နိုင်ငံအုပ်ချုပ်သူအမိန့်အောက်၌ တခဏအတွင်း ပြိုပျက်ကျသွားသည်။ သာမန်ပြည်သူတို့ နှစ်ရှည်လများ စုဆောင်းရှာဖွေထားရသည့် ငွေဖြင့် တည်ဆောက်ထားသော ခိုနားရာ ၊ တည်မှီရာတို့ မျက်စိတမှိတ်အတွင်း အဟောသိကံဖြစ်ရလေပြီ။ မိသားစုများစွာ၏ မျက်ရည်များစွာ။ 

ထိုသတင်း တွေ့မြင်ရလို့မှ ရက်မကြာ မြောက်ဥက္ကလာပမှ ‌အိမ်ခြေ ၁၀၀ ခန့်လည်း ဖျက်သိမ်းခံရမည်ဆိုသည့် သတင်းတက်လာပြန်၏။ မြောက်ဥက္ကလာ၊ သုဇိတာ ၁၃ လမ်းအတွင်း နေထိုင်ခဲ့ကြသူများသည် နှစ်ပေါင်း ၄၀ ခန့် ရှိပြီး ကျောင်းသား၊ ကျောင်းသူများပါ ပညာရေးအခက်တွေ့တော့မည်ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြသည်။ ဤသည်တို့မှာ လတ်တလော ကြားသိနေရသည့် မြေယာသိမ်းဆည်းခံရသည့် သတင်းများ။ ဒီမတိုင်မီကလည်း ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့တွင်လည်း လူနေအိမ်များစွာ များစွာ ဖျက်သိမ်းခံခဲ့ရပြီဖြစ်၏။ အာဏာရှင်သည် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် ပါတီထံမှ ပြည်သူ့ အာဏာကို သိမ်းရုံမျှမက ပြည်သူပိုင် အိုးအိမ်များကိုပါ သိမ်းယူသည်ဆိုသည်ကို မျက်ဝါးထင်ထင် တွေ့ကြရလေပြီ။ 

စစ်တပ်အာဏာသိမ်းမှုသည် မိမိနှင့်မဆိုင်ဟု နေခဲ့ကြသူတို့၏ လင်ယောက်ျား၊ သားတို့အားလည်း အဓမ္မခေါ်ဆောင်ကာ စစ်မှုထမ်းစေခြင်းကို နဖူးတွေ့ ဒူးတွေ့ တွေ့ကြရလေပြီ။ ထို့ထက် ပို၍ ဆိုးသည်မှာ နေစရာ အိုးအိမ်ပါမချန် သိမ်းယူလိုက်ခြင်းပင်။ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံစီးပွားကျဆင်းကာ အလုပ်အကိုင်မကောင်းချိန်တွင် အိမ်ငှားခပင် မတတ်နိုင်သူတို့၏ အဖြစ်က တွေးကြည့်လျှင်ပင် ရင်လေးစရာ။ အိုးအိမ်ဖြိုဖျက် သိမ်းခံရခြင်း နောက်ကွယ်မှာ လူမှုစီးပွားပြဿနာများစွာ။ ဖျက်သိမ်းခံလိုက်ရသည့် အိမ်ခြေများသည် သစ်တောမြေ၊ ဌာနပိုင်မြေ၊ တပ်ပိုင်မြေဟု အာဏာရှင်၏ လက်ပါးစေ အုပ်ချုပ်ရေးဌာနဘက်က အကြောင်းပြသော်လည်း တချို့ အိမ်ခြံမြေများမှာ ဂရန်ရှိပြီးဖြစ်သည်။ ထိုဂရန်ရှိ အိမ်ဝင်းများလည်း ဖြိုဖျက်ပေးကြခဲ့ရသည်ဟု မန္တလေး ပုသိမ်ကြီးမြို့နယ်အတွင်းမှ ဖြိုဖျက်ခံ အိမ်ပိုင်ရှင်တချို့က ဆိုကြသည်။

အာဏာသိမ်းအုပ်ချုပ်သူတို့က ကျူးကျော်ဟု ခေါင်းစဉ်တပ်ကာ ဖျက်ဆီးသိမ်းယူလိုက်သည့် အိမ်ခြံမြေပြဿနာများနောက်ကွယ်မှာ တရားခံများစွာ ရှိနေသည်။ စာရေးသူ သတိပြုမိသည်မှာ ဦးသိန်းစိန်အစိုးရမတက်မီ စပ်ကူးမတ်ကူးကာလတွင် အရှေ့ဒဂုံ၊ မှော်ဘီ၊ သန်လျင်၊ စသည့် ရန်ကုန်ဧရိယာအစပ်များတွင် လယ်မြေများကို ဧကပြတ်ဝယ်ယူ၍ မြေယာအကွက်ဖော် ရောင်းချကြခြင်းပင်။ ရန်ကုန်သာမက မန္တလေး၊ မုံရွာ၊ မော်လမြိုင်၊ တောင်ကြီးစသည့် မြို့ကြီးများတွင်လည်း အလားတူဖြစ်ရပ်များ ပေါ်ပေါက်ခဲ့သည်။ ထိုကဲ့သို့ လယ်မြေ၊ ယာမြေ၊ သစ်တောမြေများကို အကွက်ရိုက်ရောင်းချသည့်အလုပ်ကို သာမန်အရပ်သားပြည်သူများ မလုပ်ရဲပါ။ စစ်ဘက်အရာရှိကြီးများ၏ မိသားစုဝင်များ၊ ကြံ့ခိုင်ရေးပါတီဝင်များက လက်ရဲ ဇက်ရဲဖြင့် လုပ်ကိုင်ခဲ့ကြသည်။ တဧကလျှင် ၄၃,၅၆၀ စတုရန်းပေ ရှိသည်ဖြစ်ရာ ပေ ၄၀ × ပေ ၆၀ မြေကွက် (၁၈) ကွက် ထွက်ပါသည်။ သို့သော် လမ်းဧရိယာ ပေးမှုအပေါ် မူတည်၍ (၁၀) ကွက်မှ (၁၂) ကွက်အထိ ထွက်နိုင်သည်။ တဧက ၂၅ သိန်းခန့်ဖြင့် ဝယ်ထားသော လယ်ယာမြေအား ပေ ၄၀ × ပေ ၆၀ အိမ်ဝန်း ၁၂ ကွက်ခန့်ထွက်အောင်ရိုက်၍ တကွက်လျင် ၂၅ သိန်းဖြင့် ပြန်ရောင်းကာ သိန်းရာကျော် အမြတ်ထုတ်သွားကြ၏။

တချို့ဆိုလျင် ဝယ်သူများ ယုံကြည်အောင် ကွန်ကရစ် လမ်းခင်းခြင်း၊ ကွန်ကရစ်မီးတိုင် ထောင်ပြခြင်းများဖြင့် စည်းရုံးဆွဲဆောင်ကြသည်။ ရိုးရိုး အကွက်ရိုက်ရောင်းသည်ထက် ထိုသို့ လုပ်ခြင်းက ဝယ်သူ ယုံသကဲ့သို့ မြေတန်ဖိုးကိုလည်း ပိုမြှင့် ရောင်းနိုင်ပေသည်။ ဤနည်းလမ်းများဖြင့် စစ်တပ်အရာရှိများနှင့် ပတ်သက်သူများ၊ ကြံ့ခိုင်ရေးပါတီဝင်များသည် အချီကြီး ငွေရှာခဲ့ကြသည်။ ၎င်းတို့ လုပ်သမျှကို ဝေစုယူ၍ ရေငုံနှုတ်ပိတ်နေခဲ့ကြသူများမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြေစာရင်းရုံး ဦးစီးအရာရှိများပင်။ ယခုကဲ့သို့ ပြည်သူများ ဆုံးရှုံးနစ်နာရချိန်တွင် အဆီကိုစား၍ အသားကိုမြိုခဲ့ကြသော အကွက်ရိုက်ရောင်းချသူများ၊ အလိုတူ အလိုပါ အုပ်ချုပ်ရေးဝန်ထမ်းများသည်ကား နေသာသပ၊ လေညာက ဆိုသကဲ့သို့ မသိကျိုးကျွံပြုနေကြ၏။ ၎င်းတို့အား မည်သူကမျှလည်း တရားမစွဲ၊ အရေးမယူ။ 

စစ်အာဏာသိမ်းပြီးနောက် ဖယ်ရှား ရှင်းလင်းခံရသည့် အိမ်ရာများထဲတွင် မဆလ ခေတ်ကပင် ဖြစ်တည်နေထိုင်ခဲ့သော အိမ်ရာများပါသကဲ့သို့ ၂၀၁၀ မတိုင်မီကာလနှင့် နောက်ပိုင်းကာလများ၌ အကွက်ရိုက် ရောင်းချခဲ့သော အိမ်ရာများလည်း ပါဝင်နေသည်။ မည်သည့် ခေတ်ကာလက ဖြစ်တည်ခဲ့သည်ဖြစ်စေ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများက တာဝန်သိသိဖြင့် ဟန့်တားခဲ့လျှင် ကျူးကျော်ဟု ခေါင်းစဉ်တပ်ခံရသော အိမ်ရာများသည် အလုံးအရင်းဖြင့် ဖြစ်တည်ပေါ်ပေါက်လာစရာ အကြောင်းမရှိပေ။ ဆယ်အိမ်မှူး၊ ရာအိမ်မှူးမှ အစ ဒေသအုပ်ချုပ်ရေးအဆင့်ဆင့်သည် တရားမဝင် အကွက်ရိုက်ရောင်းသူများထံမှ လာဘ်လာဘယူ၍ မသိကျိုးကျွံပြုနေခဲ့ကြခြင်းကြောင့် မသိနားမလည်သည့် ပြည်သူတို့၏ ငွေကြေး ပိုင်ဆိုင်မှုများ နစ်နာဆုံးရှုံးခဲ့ကြရခြင်း ဖြစ်သည်။ အုပ်ချုပ်ရေးမှူးများ မည်မျှ အဂတိလိုက်စားထားသည်ကိုလည်း မေလအတွင်း လုပ်ခဲ့သော ရာထူးတိုး နှုတ်ဆက်ပွဲ၌ ကျပ် သိန်း ၇၀ ကြဲခဲ့သည့် ပြင်ဦးလွင် မြို့နယ် အုပ်ချုပ်ရေးမှူး လုပ်ရပ်က ဖော်ပြနေ၏။ 

အာဏာသိမ်းစစ်တပ်၏ ကျူးကျော် ခေါင်းစဉ်တပ်ကာ မြေယာသိမ်းမှုများကြောင့် သာမန်အရပ်သားပြည်သူများ များစွာ နစ်နာဆုံးရှုံးရသော်လည်း မြေကွက်ရိုက်ရောင်းသူ၊ ရပ်ရွာအတွင်း အကွက်ရိုက်ရောင်းချမှုများကို ထိရောက်စွာ မတားဆီးခဲ့ဘဲ လျစ်လျူရှုခဲ့သည့် အုပ်ချုပ်ရေးအဆင့်ဆင့် တာဝန်ရှိသည့် တရားခံစစ်စစ်များမှာမူ လွတ်မြောက်နေစဲဖြစ်၏။ မိမိတို့၏ သွေးချွေးလုံ့လများဖြင့် တည်ဆောက်ထာားရသော နေထိုင်ရာ အိုးအိမ်ပျက်စီးဆုံးရှုံးရသည့် ပြည်သူများအနေဖြင့် လွတ်မြောက်နေစဲ တရားခံများအား တနည်းနည်းဖြင့် အရေးယူခံရအောင် ဆောင်ရွက်နိုင်ကြမှသာ နောက်နောင် ပြည်သူများ အဖြစ်ဆိုးများ ထပ်မံမကြုံကြရမှာဖြစ်ကြောင်းပါ။ 

စောအဲမွန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013