DVB Logo
Home
မြန်မာသတင်း
မန္တလေးအိုးဘိုထောင်တွင် ကြီးနိုင်ငယ်ညှဉ်းနှိပ်စက်မှုနှင့် အမျိုးသမီးအခွင့်အရေးချိုးဖောက်မှု ရှိနေ
DVB
·
March 7, 2022
မန္တလေးအိုးဘိုထောင်တွင် ကြီးနိုင်ငယ်ညှဉ်းနှိပ်စက်မှုနှင့် အမျိုးသမီးအခွင့်အရေးချိုးဖောက်မှု ရှိနေ
Donate to DVB

မန္တလေးတိုင်း၊ မန္တလေးအိုးဘိုထောင်တွင်းမှာ  ကြီးနိုင်ငယ်ညှဉ်းနှိပ်စက်မှုတွေရှိနေတယ်လို့  အကျဉ်းထောင်နဲ့ နီးစပ်တဲ့အသိုင်းအဝန်းကနေ သိရပါတယ်။

မတ်လ ၃ နေ့က ရုံးထုတ်မယ့် ပုဒ်မ  ၅၀၅ နဲ့ အမှုဖွင့်ခံထားရတဲ့ လူငယ်တစ်ယောက် ကို အိမ်သာတက်နေလို့ ရုံးထွက် နောက်ကျတယ်ဆိုပြီး တခြားအမှုက အကျဉ်းသား ၃ ယောက်က ဝိုင်းဝန်းထိုးကြိတ်ခဲ့ရာ မခံနိုင်လို့ ပြန်ထိုးရင်း ရုန်းရင်းဆန်ခတ် တွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက " ၅၀၅ ကလေး ရုံးထွက်ရမယ့်အချိန်မှာ အိမ်သာတက်နေတာ ကြာလို့ တခြားအမှုက အကျဉ်းသား ၃ ယောက်က ဝိုင်းထိုးနေတာ တခြားဆိုက်က  ၅၀၅ အကျဉ်းသားတွေ လှမ်းအော် တားဆီး တာတောင် မရဘူး။ ပြစ်ဒဏ်ပေးတဲ့အခါမှာလည်း အဲ့ဒီ အကျဉ်းသားတွေကို မပေးဘူး။  ထိုးကြိတ်ခံလိုက်ရတဲ့ ၅၀၅ ကလေးနဲ့ တခြားဆိုက်က လှမ်းအော်တားဆီးတဲ့ ၅၀၅ အကျဉ်းသား တစ်ယောက်ကို ဒေါက်ခတ်ပြီး တိုက်ပိတ်ထားတယ်။ ထောင်ထဲမှာ ကြီးနိုင်ငယ်ညှဉ်း နှိပ်စက်တာတွေ အများကြီး ရှိတယ်"လို့ ပြောပါတယ်။

နှိပ်စက်ခံရလို့ ထိခိုက်ဒဏ်ရာ ရတာမျိုးရှိရင် ဆေးကုသမပေးပဲ ပါတာစီတမောပဲ တိုက်တယ်လို့လည်း ဆိုပါတယ်။

အိုးဘိုထောင်ထဲမှာ အမျိုးသမီးတွေဟာ ဆိုရင်လည်း လူ့အခွင့်အရေးချိုးဖောက်ခံရနေ ရသလို မိန်းကလေး အဆောင်ရှေ့တည့်တည့်မှာ  CCTV တပ်ဆင်ထားပြီး ရေချိုး အဝတ်အစားလဲလှယ်တာတွေကို  ဓာတ်ပုံတွေရိုက်ယူ ရောင်းစားနေတာမျိုးရှိနေတယ်လို့ ၅၀၅ နဲ့ လွတ်မြောက်လာ သူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။

“အမျိုးသမီးအဆောင်တွေမှာ မနက် ၁၀ နာရီ ကနေ ည ၈ နာရီအထိ ရေမလာဘူး။ ရေစက်ပျက်နေလို့ ဆိုပြီး အလှူငွေ လာကောက်ရင် ထည့်ပေးရတယ်။ ရေမလာတဲ့အတွက်ကြောင့် အိမ်သာတက်ရတာ အခတ်အခဲဖြစ်ပြီး ဆီးချုပ်ဝမ်းချုပ်တွေ ဖြစ်ကြတယ်။ ယားနာတွေ ပေါက်ကြတယ်။ ကျွေးတဲ့ ဟင်းရည်ထဲတောင် ပိုးလောက်လန်း တွေပါတယ်”လို့  အိုးဘိုထောင်မှ လွတ်မြောက်လာသူက ပါတယ်။

အရင်ထောင်ပိုင်က  မတင်းကျပ်ပေမဲ့ လက်ရှိထောင်ပိုင်ကတော့  အရမ်းတင်းကျပ်နေပြီး CCTV ကနေ နေ့စဉ်ကြည့်ရှုကာ ထောင်ဝန်ထမ်းတွေကို တရားခွင်အထိလိုက်ပြီး စောင့်ကြည့်ခိုင်းတာမျိုး ရှိသလို ရှေ့နေနဲ့ စကားပြောရင်လည်း ဘေးကရပ်ပြီး စောင့်ကြည့်နေတာတွေ ရှိတယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲတွေအပြင် ထောင်ဝန်ထမ်းတွေကလည်း အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ သတ်ဖြတ် ဖမ်းဆီး နှိပ်စက်တာတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013