DVB Logo
Home
မြန်မာသတင်း
၂၄ နာရီ မီးပြတ်မည်ဟု စစ်ကောင်စီလျှပ်စစ်ဌာန ကြေညာ၊ ပြည်သူများ သည်းခံကြရန် တိုက်တွန်း
DVB
·
March 7, 2022
၂၄ နာရီ မီးပြတ်မည်ဟု စစ်ကောင်စီလျှပ်စစ်ဌာန ကြေညာ၊ ပြည်သူများ သည်းခံကြရန် တိုက်တွန်း
Donate to DVB

မတ်လ ၁၂ ရက်မှ ၁၈ ရက်အထိ တစ်ပတ်တိတိအတွင်း အလှည့်ကျဓာတ်အားပေးမှု ပိုမို လျော့နည်းသွားမှာဖြစ်ပြီး တချို့နေရာတွေမှာ ၂၄ နာရီ ဓာတ်အားပြတ်တောက်မယ်လို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။ 

လက်ရှိ ရန်ကုန်နဲ့ နယ်မြို့တွေမှာ လျှပ်စစ်မီးပြတ်တောက်မှု အခြေအနေဆိုးရွားလာနေချိန် အခုသီတင်းပတ်အကုန်မှာ  တချို့နေရာတွေမှာ  လျှပ်စစ်မီး တနေကုန် ပြတ်တောက်မယ်လို့ ထပ်မံကြေညာလိုက်တာ ဖြစ်ပြီး  ပြည်သူလူထုအနေနဲ့ အဆင်မပြေမှုတွေရှိလာပါက နားလည်ပေးကြဖို့လည်း ပန်ကြားထားပါတယ်။

ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းရှိ တွင်းအသစ်မှထွက်ရှိမယ့် သဘာဝဓာတ်ငွေ့အား ရယူသုံးစွဲနိုင်ရေး ပိုက်လိုင်း အသစ်ချိတ်ဆက်လုပ်ငန်း ဆောင်ရွက်နေစဉ် ထပ်မံလျော့နည်း သွားမယ့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၃၃၄ မဂ္ဂါဝပ်လောက် အပါအဝင် စုစုပေါင်း လျော့နည်းသွားမယ့် ၁၃၀၄ မဂ္ဂါဝပ်ခန့်အတွက် ဝန်အားထိန်းညှိမှုအရ တချို့သောနေရာတွေမှာ ၂၄ နာရီ ဝန်အား လျှော့ချရတာလို့ အကြောင်းပြထားပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအနေနဲ့ ရေအားနဲ့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေကနေ ၆၆၇ ဒသမ ၈ မဂ္ဂါဝပ်ခန့်၊ ဓာတ်ငွေ့သုံးအပူစွမ်းအင် ဓာတ်အားပေးစက်ရုံနဲ့ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံတွေကနေ ၁၅၀၀ ဒသမ ၃ မဂ္ဂါဝပ်နဲ့  ဒီဇယ်ဓာတ်အားပေးစက်တွေကနေ  ၈ ဒသမ ၉ မဂ္ဂါဝပ်ခန့် စုစုပေါင်း ၂၁၇၇ မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ထုတ်လုပ် ပို့လွှတ်ပေးနေတယ်လို့သိရပါတယ်။

နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားကို တစ်နိုင်ငံလုံးမှ တစ်ရက်တာပျှမ်းမျှ ရယူသုံးစွဲလိုမှုအနေနဲ့ နေ့ဘက်မှာ အများဆုံး ၃၄၀၀ မဂ္ဂါဝပ်ခန့်၊ ညဘက်မှာ အများဆုံး  ၃၆၀၀ မဂ္ဂါဝပ်ရှိပြီး  တစ်နေ့တာ ပျှမ်းမျှဓာတ်အားသုံးစွဲလိုမှုမှာ ၂၆၀၀ မဂ္ဂါဝပ်ခန့် သုံးစွဲနေတယ်လို့လည်း လျှပ်စစ်ဌာနကနေ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ပုံမှန်အချိန် အမြင့်ဆုံးဓာတ်အားထုတ်လုပ်နိုင်မှုဟာ ၄၂၀၀ မဂ္ဂါဝပ်လောက်ရှိပေမဲ့ LNG ဓာတ်ငွေ့ဈေးနှုန်း မြင့်တက်မှုနဲ့ ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားလိုင်း ဖောက်ခွဲဖျက်ဆီးခံရလို့  စုစုပေါင်းဓာတ်အား ထုတ်လုပ်နိုင်မှု ၉၇၀ မဂ္ဂါဝပ်လောက် ဆက်လက်လျော့နည်းနေလို့ ဝန်အားထိန်းညှိတဲ့အနေနဲ့ အလှည့်ကျဓာတ်အား ဖြန့်ဖြူးပေးနေရတာလို့ လျှပ်စစ်ဌာနက ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ထုတ် စစ်ကောင်စီဝါဒဖြန့်ချိရေး မြန်မာ့အလင်းသတင်းစာအယ်ဒီတာအာဘော်မှာတော့  ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်နေကြောင်း  လာမယ့်ရှစ်နှစ်တာ ကာလမှာ တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုများအားလုံး ဓာတ်အားသုံးစွဲခွင့်ရရှိရေး မစားရ၀ခမန်း အပြောသက်သက်မျှသာ မဟုတ်ဘဲ လက်တွေ့အ ကောင်အထည်ပေါ်လာမှာ ဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်သူလူထုအနေနဲ့ တစ်ပတ်တာကာလအတွင်း ရင်ဆိုင်ကြုံတွေ့ရမဲ့ ဓာတ်အားပြတ်တောက်မှု အခြေအနေကို သတင်းထုတ်ပြန်ချက်အရ ကြိုတင်သိရှိပြီးဖြစ်ရာ လိုအပ်တာတွေကို ပြင်ဆင်ဆောင်ရွက်ထားကြဖို့နဲ့ ပိုမိုကောင်းမွန်လာမယ့် အခြေအနေအတွက် တစ်ပတ်လောက် နားလည် သည်းခံကြဖို့လည်း တိုက်တွန်းထားပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကလည်း  လျှပ်စစ်ရထား၊ လျှပ်စစ်ကားတွေ ထုတ်လုပ်ပြီး မြေအောက်ရထားလမ်းတွေ ၊ ဥမင်တွေဖောက်လုပ်ကြဖို့ နိုင်ငံတဝန်းလှည့်လည် ညွှန်ကြား ထားပါတယ်။

လက်တွေ့အခြေအနေမှာတော့  ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံဒေသအနှံ့မှာ လျှပ်စစ်မီးပြတ်မှု၊ လောင်စာဆီဈေးနှုန်းမြင့်တက်မှုတို့ကြောင့် သယ်ယူပို့ဆောင်ရေးနဲ့  ကုန်ထုတ်လုပ်မှု စရိတ်တွေ တိုးလာပြီး ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်ကို ပြည်သူတွေရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013