ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်ဒေသ ဖလူးကြီးရွာအနီးမှာ မတ်လ ၄ နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် မိုင်းနင်းမိပြီး ခြေထောက်မှာ ဒဏ်ရာ အပြင်းအထန်ရရှိသွားတယ်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဟာ လေးကေ့ကော်မြို့သစ်နဲ့ ဖလူးကြီး ဖလူးလေးဘက်မှာ နေ့စဉ် ကင်းလှည့်နေတဲ့တပ်ဖွဲ့ဖြစ်ပြီး စကခ (၁၂)လက်အောက်ခံ ခလရ ၂၃၁ က တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ KNLA တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
စစ်ကောင်စီတဖွဲ့လှည့်ကင်းလှည့်နေချိန် KNLA ဘက်က ဖလူးကြီးရွာအထွက်နားမှာ မြေမြှုပ်မိုင်းထောင်ထားအပြီး မိနစ် ၃၀ လောက်အကြာမှာ ပေါက်ကွဲသံကြားခဲ့ရတာလို့ ဆိုပါတယ်။
မိုင်းနင်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ကို မြဝတီမြို့ သင်္ဃန်းညီနောင် စစ်ဆေးရုံကို ပို့ဆောင် ဆေးကုသပေးနေပါတယ်။
လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်တွေက ကျူးကျော်ဝင်ရောက်လာတာကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၅ ရက်မှာ တိုက်ပွဲပြင်းထန်စတင်ဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ထောင်သောင်းချီ ထိုင်းနိုင်ငံဘက် ထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။
မတ်လ ၂ ရက်ကလည်း တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က တပ်သား ၁၀ ယောက်လောက် သေဆုံးကာ တချို့ ဒဏ်ရာရခဲ့ကာ မတ်လ ၃ ရက် မနေ့ကလည်း တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့ပါတယ်။