
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ လေးကေ့ကော်မြို့သစ်၊ ရဲကုန်းအရှေ့ဘက် ညောင်ပင်ကုန်းနီးကနေ ထိုးဖောက်လာတဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းတခုဟာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံရပြီး အထိအခိုက်များနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းနဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့နဲ့ ဝေါလေဗျူဟာမကျရေး ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၅ ရက်ကစပြီး ၈ လကျော်ကြာ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းတွေဟာ ဝေဟင်နဲ့ မြေပြင်ပစ်ကူရယူပြီး စစ်မှုထမ်း တပ်သားသစ်တွေကို အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေတာပါ။
ဩဂုတ်လ ၉ ရက်ကစပြီး လေးကေ့ကော်မြို့သစ်၊ ရဲကုန်းအရှေ့ဘက် ညောင်ပင်ကုန်းနားမှာ စစ်တပ်ဘက်က စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် KNLA ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတွေ အထိနာခဲ့ပါတယ်။
ဒါကြောင့် စစ်တပ်ဘက်က လေကြောင်းအပြင် မြေပြင်ကနေ လက်နက်ကြီးပစ်ခတ်တာ၊ အသေခံဒရုန်းတွေနဲ့ နေ့ ည ဗုံးကြဲတိုက်ခိုက်နေပါတယ်။
စစ်ရေးသတင်းရင်းမြစ်တယောက်က “ဒီနေ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ တက်လာတဲ့အဖွဲ့တွေ အထိနာတယ်။ သူတို့တက်လို့မရရင်တော့ လေကြောင်းအားကိုးနဲ့ပဲ သူတို့လိုက်ပြီးတော့ ဗုံးကြဲတာပဲ။ အဲဒါတော့ မှန်တယ်”လို့ ပြောပါတယ်။
စစ်တပ်ဘက်က တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA) ဗိုလ်ဘိအဖွဲ့၊ ကရင်နယ်ခြားစောင့်တပ်(BGF) အကူအညီနဲ့ ထိုးစစ်ဆင်နေပေမဲ့ ဖလူး၊ မင်းလက်ပံကျေးရွာအနီးမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခံနေရပြီး သေဆုံးသူ များပြားပြီး ရှေ့ဆက်မတိုးနိုင်ဘဲ အထိနာနေပါတယ်။
ကရင်စစ်ရေးလေ့လာသူက “စကမက စစ်ကြောင်းတွေ ထိုးတယ်။ တပ်အင်အားတွေ တိုးချဲ့တယ်။ မြေပြင်ကရော။ ဝေဟင်ကရော။ ဒရုန်းနဲ့ရော။ နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်နေတဲ့အပေါ်မှာ အားသာချက်တွေ မတွေ့ရဘဲနဲ့ အားနည်းချက်တွေပဲ တွေ့နေရတယ်။ ပြန်ပြန်ပြီးတော့ပဲ လန်ကျတယ်။ စစ်ကြောင်းလိုက် စစ်ကြောင်းလိုက် အရာရှိတွေလည်း သေဆုံးတာတွေရှိတဲ့အပေါ်မှာ သုံးသပ်ပြီးပြောရမယ် ဆိုရင်တော့ စကမက ဘယ်လိုစစ်နည်းဗျူဟာတွေပဲ သုံးသုံး၊ ပန်းတိုင်ကိုတော့ ရောက်မှာမဟုတ်ဘူး။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်ကပဲ တရားသောစစ်ကို ဆင်နွဲနေတာဖြစ်တဲ့အတွက် တရားတဲ့လူတွေဘက်ကပဲ ရေရှည်မှာ အောင်ပွဲဆွတ်ခူးသွားမယ်လို့ ကျနော်တို့က သုံးသပ်မိပါတယ်”လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ပစ်ခတ်တာအပြင် လေကြောင်းရန်ကို စိုးရိမ်ပြီး လေးကေ့ကော်၊ မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး စတဲ့ ကျေးရွာက ဒေသခံ ၄,၀၀၀ ကျော်ဟာ သောင်ရင်းမြစ် တဘက်ကမ်း ထိုင်းနိုင်ငံဘက်နဲ့ နီးစပ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေ ရပါတယ်။
စစ်ရှောင်တယောက်က “လေယာဉ်ပျံနဲ့ဆိုတော့ ကြောက်ရတာပေါ့။ အနားမှာလည်း ဘယ်သူမှမနေရဲဘူး။ လေယာဉ်ပျံက ကြဲချင်တဲ့နေရာ လျှောက်ကြဲနေတာ။ ကြောက်ရွံရတယ် ဆိုတော့ သူတို့ နေရာအတိအကျ သတ်မှတ်ပြီးပစ်တာ မဟုတ်ဘူး။ လျှောက်ပစ်တဲ့အခါကျတော့ ကြောက်တယ်လေ။ တစိုက်မတ်မတ် သေချာကြည့်ပစ်တာ မဟုတ်ဘူး။ ဟိုပစ်ဒီပစ် ဟိုလျှောက်ပစ်တော့ ကြောက်ရတယ်လေ။ သူတို့ပစ်တာက လက်နက်အကြီးကြီးဆိုတော့ အန္တရာယ်လည်း များတယ်လေ။ ကြောက်ရတာပေါ့။ ထိခိုက်သေဆုံးမှုတွေလည်း ရှိမှာပေါ့။ စစ်ရှောင်တွေ လုံခြုံရလားဆိုတော့ လေယာဉ်လာရင် သူတို့အခြေအနေကြည့်ပေါ့။ သူများပြေးရင် ကိုယ်ပြေးပေါ့ အဲဒီလိုမျိုးပေါ့။ ကုန်နဲ့လာတာ မဟုတ်ဘူးလေ။ လေယာဉ်နဲ့လာတဲ့အခါကျတော့ အသံကြားပြီဆို လက်နက်က ကျနေပြီ။ လေယာဉ်လာရင် ကိုယ်က ကြောက်ရတာပေါ့”လို့ ပြောပါတယ်။
ဩဂုတ် ၃ ရက်က တပ်မ ၂၂ လက်အောက်ခံ ခမရ-၂၀၃၊ ခမရ-၂၁၀ စစ်ကြောင်းတွေ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် KNLA တပ်ရင်း (၂၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဒါဘော ဦးဆောင်တဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲအတွင်း ခမရ ၂၀၃ တပ်ရင်းက စစ်ကြောင်းမှူးအပါအဝင် စစ်ကြောင်း တခုလုံးနီးပါး ဖွဲ့စည်းပုံပျက်ခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။











