DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ခိုးဆိုးလုနှိုက် ဒုစရိုက်မှုများ ပိုများလာ
DVB
·
March 4, 2022
ရန်ကုန်တွင် ခိုးဆိုးလုနှိုက် ဒုစရိုက်မှုများ ပိုများလာ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း  ရန်ကုန်မြို့မှာ ဒုစရိုက်မှုတွေ၊ လုယက်မှုတွေနဲ့ ရာဇဝတ်မှုတွေ  တဖြည်းဖြည်းပိုများလာပြီး တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက် လုံခြုံမှု မရှိသလို  ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

တရားဥပဒေစိုးမိုးမှုတွေလည်း နေရာစုံမှာ လျော့ရဲလာတဲ့အတွက် ပြည်သူတွေကြားမှာ အန္တရာယ်မျိုးစုံကို အရင်ကထက် ပိုကြုံတွေ့လာရပါတယ်။

လူနေထူထပ်တဲ့ ရန်ကုန်မြို့လိုနေရာမျိုးမှာ တစ်နေ့တာ လှုပ်ရှားသွားလာတဲ့အခါ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို ကြောက်နေရသလို ခိုးဆိုးလုနှိုက် ဒုစရိုက်သမားတွေရဲ့ ရန်ကိုလည်း ကြောက်နေကြရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်က YBS ဘတ်စ်ကားတစ်စီး ပြေးဆွဲနေတုန်း မွန်းတည့် ၁၂နာရီလောက်က အုပ်စုလိုက် ဓားထောက် လုယက်မှုတစ်ခုလည်း ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မျက်မြင်သက်သေအမျိုးသမီးတဦးက ရန်ကုန်မြို့မှာနေရတာ မလုံခြုံတော့သလို ခံစားရတယ်လို့ ပြောပါတယ်။

"ရန်ကုန်မြို့က ဘယ်နားနေနေ မလုံခြုံတော့ပါဘူး။ လူတွေက လုယက်တယ်ဆိုတာ အလုပ်မရှိလာလို့လေ။ နိုင်ငံက ဆင်းရဲလာတော့ အလုပ်အကိုင်ရှားပါးတယ်။ အဲ့တော့ ဒီလို လုယက်လာကြတယ်။ အစ်မတို့တော့ အလုပ်က အပြန်တောင်နောက်ကျရင် ဘတ်စ်ကားမှတ်တိုင်တွေမှာ ထိုင်မစောင့်ရဲတော့ဘူး။"

အရင်က ညအချိန်လူအသွားအလာပြတ်တဲ့အချိန်တွေမှာ ဒုစရိုက်မှုတွေ ဖြစ်တာများပြီး အခုနောက်ပိုင်းမှာတော့ နေရာမရွေး၊ အချိန်မရွေး ဒုစရိုက်မှုတွေကို တွေ့လာရပါတယ်။ ညအချိန်တွေ လူအသွားအလာပြတ်တဲ့အချိန်တွေမှာ ဒုစရိုက်မှုတွေ ဖြစ်လာတာရှိသလို အခုနောက်ပိုင်းမှာတော့ မနက်အစောပိုင်းအချိန်၊ နေ့လယ်၊ ညနေ စတဲ့ အချိန်တွေမှာပါ ဒုစရိုက်မှုတွေကို တွေ့လာရပါတယ်။ အိမ်တွေကို ဖောက်ထွင်းတာ၊ ပစ္စည်းခိုးယူတာတွေကိုလည်း နေ့ခင်း၊ နေ့လယ်တွေမှာပြုလုပ်လာကြတာ ရှိနေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက် ည ၇နာရီဝန်းကျင်က အမျိုးသား ၃ ယောက်က အမျိုးသမီးတစ်ယောက်ကို စစ်ဆေးစရာရှိတယ်လို့ဆိုပြီး သူတို့ကားပေါ်ဆွဲတင်ကာ ရိုက်နှက်ခဲ့ပြီး ပါလာတဲ့ငွေနဲ့ပစ္စည်းတွေကို ယူဆောင်သွားခဲ့တယ်လို့ ကျူးလွန်ခံရသူရဲ့ပြောပြချက်အရ သိရပါတယ်။ 

တရားဥပဒေစိုးမိုးမှု လျော့ရဲလာတဲ့အခါ ဒုစရိုက်ကျူးလွန်သူတွေဟာ အခွင့်ကောင်းယူပြီး စစ်ကောင်စီတပ်ဖွဲ့ယောင်ဆောင်တာ၊ တော်လှန်ရေးရဲဘော် ဟန်ဆောင်တာ စတဲ့ အမျိုးမျိုးနည်းလမ်းတွေနဲ့ လုပ်ဆောင်လာကြတာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောပါတယ်။ ဒါတွေ အာလုံးရဲ့ အဓိက တာဝန်ရှိသူကတော့ ရဲတပ်ဖွဲ့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ 

"တရားဥပဒေစိုးမိုးရေးကို ဖိဖိစီးစီး မလုပ်နိုင်တော့ပဲနဲ့ ပျက်ပြားသွားပြီဆိုရင် နဂိုကတည်းက လူ့အဖွဲ့အစည်းထဲမှာ ရှိနေတဲ့ ဒုစရိုက်လောကသားတွေကတော့ ဒါကအခွင့်ကောင်းယူပြီးတော့ လုယက်မှုတွေလုပ်မယ်၊ ဓါးပြတိုက်မှုတွေ လုပ်မယ်။ ခိုးမှုတွေ ခါးပိုက်နှိုက်မှုတွေ များလာမှာပဲ။

တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို  ကိုင်တွယ်ဆောင်ရွက်ရမယ့် အဓိက တာဝန်ရှိသူ ရဲတပ်ဖွဲ့ပဲ။ ဒုစရိုက်ကျူးလွန်တဲ့သူတွေကို အရေးယူနိုင်ဖို့ထက် တခြားဘက်ကို အားစိုက်နေရတာကြာင့် ပြည်သူလူထုကြားထဲမှာ တရားဥပဒေစိုးမိုးရေးတွေ ဒုစရိုက်လုပ်ငန်းကြိုတင်ကာကွယ်ရေးတွေ ဒုစရိုက်လုပ်ငန်းဖော်ထုတ်ရေးတွေ ဘက်မှာ အားနည်းသွားတာပေါ့။"

ပြီးခဲ့တဲ့ မတ်လ ၂ ရက် မနက်ပိုင်းက YBS ကားပေါ်မှာ အမျိုးသမီး တစ်ဦးဟာ အလုပ်သွားရင်း ဘတ်စ်ကားစီးနေချိန် လူတစ်စုက အနားကပ်လာပြီး အိတ်ကို ဓားနဲ့ခွဲသွားခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးက ပြောပါတယ်။

"သင်တန်းတစ်ခုကနေ အလုပ်သွားတဲ့အချိန်မှာ အိတ်ကို ဓားနဲ့ခွဲခံရတာ။ ကားကအရမ်းတော့ မကြပ်ဘူး။ ဒါပေမယ့် လူ ၃/၄ ယောက်က ဘေးနားမှာ ကပ်ပြီး ကားကြပ်လို့ တိုးသလိုလိုနဲ့။ ရုံးရောက်မှ အိတ်ကွဲနေတာ သိတယ်။ သာမာန်ပြည်သူတွေအနေနဲ့ ဒီလို ဘတ်စ်ကားကိုပဲ အားထားနေရတဲ့အချိန် ခုလိုဖြစ်တော့ မလုံခြုံသလို ခံစားရတယ်။ အခုက အိတ်ကိုပဲ ဓားနဲ့ ခွဲခဲ့လို့ပဲ။ တကယ်လို့သာ ညီမကို တစ်ခုခု အန္တရာယ်ပြုသွားမယ်ဆိုရင်တောင် ညီမတို့မှာ ဘယ်ကိုသွားပြီးတော့ တိုင်ရမလဲ မသိဘူး။ ဒီလိုလုပ်နေတဲ့သူတွေကိုရော ဘယ်သူက အရေးယူပေးမှာလဲ"

မကြာသေးခင် လပိုင်းကလည်း  YBS ဘတ်စ်ကားတစ်စီးကို စစ်ကောင်စီတပ်တွေက တက်စစ်ဆေးပြီး ခရီးသည်တွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ဆေးကာ ပိုက်ဆံအိပ်တွေထဲက ငွေတွေကို အဓမ္မယူသွားတာ၊  တန်ဖိုးကြီး အမျိုးအစားကောင်းတဲ့ ဖုန်းတွေကို ပြန်မပေးတော့ဘဲ ယူသွားတာနဲ့ ကြုံခဲ့ရတယ်လို့ ကိုယ်တွေ့ကြုံရသူတွေက ပြောပါတယ်။   

ရန်ကုန်လိုပဲ တခြားနိုင်ငံအနှံမြို့ကြီးတွေ တော်တော်များများနဲ့ ကျေးလက်ဒေသအထိပါ လုယက်တာ၊ လောင်းစားဝိုင်းတွေပေါလာတာ စတဲ့ ဒုစရိုက်မှုတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

ခုလို ဒုစရိုက်မှုတွေ ကြုံတွေ့လာတဲ့အခါ နီးစပ်ရာ မြို့နယ်ရဲစခန်းတွေမှာ အမှုဖွင့်နိုင်ပြီး အမှုမဖွင့်ပေးတဲ့ ရဲတွေကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေတွေနဲ့ တရားစွဲဆိုနိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရဲတပ်ဖွဲ့က စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ရဲကိုတိုင်ရင်လည်း တရားမျှတမှုရဖို့ မသေချာတာကြောင့် ပြည်သူတွေက ရဲစခန်းကို မသွားကြဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013