DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် ၂ လအတွင်း တရားမဝင် ဝင်ရောက်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀,၀၀၀ ခန့်ဖမ်းဆီးခံရ
DVB
·
March 4, 2022
ထိုင်းနိုင်ငံတွင် ၂ လအတွင်း တရားမဝင် ဝင်ရောက်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀,၀၀၀ ခန့်ဖမ်းဆီးခံရ
1 / 4
Donate to DVB

ထိုင်းနိုင်ငံမှာ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်း ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ ၂ လအတွင်း တရားမဝင်ဝင်ရောက်မှုနဲ့  အဖမ်းခံရတဲ့ မြန်မာအလုပ်သမားတွေ  ၁၀,၀၀၀ နီးပါးရှိတယ်လို့  ရွှေ့ပြောင်းလုပ်သားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေထံက သိရပါတယ်။ 

မတ်လဆန်းမှာတော့ ၃၀၀ ဝန်းကျင်ပြီး  အများဆုံးက ထိုင်းအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ ဖြစ်တယ်လို့ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံသားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။

“အဖမ်းခံရတာတွေကတော့ နေ့တိုင်းလိုပါပဲ၊ ကျနော်တို့ သိရသလောက်က ဒီနှစ် ဇန်နဝါရီလထဲမှာ ၄,၀၀၀ ကျော်၊ ဖေဖော်ဝါရီလထဲမှာ ၅,၀၀၀ ကျော်၊ နောက်ပြီး ဒီ မတ်လ ၁ ရက်ကနေ ၃ ရက်ထိ ၃၀၀ ပတ်ဝန်းကျင် ရှိပါတယ်။ ဘယ်မှာဖမ်းမိတာလဲဆိုတော့ မွန်ပြည်နယ်နဲ့ မျက်နှာချင်းဆိုင် ကန်ကျနပူရီခရိုင်ထဲမှာ အများဆုံး၊ ပြီးတော့ ကရင်ပြည်နယ် တဖက်ကမ်း တာ့ခ်ခရိုင်၊ တနင်္သာရီတိုင်းနဲ့ ကပ်လျက် ပရကျူတ်ခီရီခန်နဲ့ ရနောင်း၊ ချွန်းဖွန်းခရိုင်၊ ရှမ်းပြည်နယ်နဲ့ကပ်လျက် ချင်းရိုင်းခရိုင်တွေမှာပါ။ နောက်ပြီးတော့ ထိုင်းနိုင်ငံအတွင်းပိုင်း အယုဒ္ဓယ၊ နခွန်းဆဝမ်ခရိုင်တွေဘက်ထိ ရောက်လာပြီးမှ အဖမ်းခံရတာလည်း ရှိပါတယ်။”

ဖမ်းဆီးခံရသူတွေဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှု၊ စားဝတ်နေရေး ခက်ခဲမှုနဲ့ လူငယ်လူရွယ်တွေဟာလည်း စစ်ကောင်စီက PDF လို့စွပ်စွဲပြီး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေ ရှိနေလို့ ထွက်ပြေးလာကြတာတွေရှိပါတယ်။

ဒါ့အပြင် ပွဲစားတွေကလည်း မြန်မာအလုပ်သမားတွေထိုင်းကို လာချင်အောင် အလုပ်ကောင်းကောင်း ရှာပေးမယ်၊ နေထိုင်ခွင့် အထောက်အထား လုပ်ပေးမယ် ဆိုပြီး သွားရောက်စည်းရုံးတာကြောင့် တချို့မှာ ငွေကို အတိုးနဲ့ချေးယူလာသလို တချို့က လယ်ပေါင်၊ ခြံပေါင်၊ အိမ်ပေါင် ရှိတဲ့ငွေနဲ့ ပွဲစားကို တဦး အနည်းဆုံး ဘတ် ၁၈,၀၀၀ မှ ၂၈,၀၀၀ အထိပေးပြီး ဝင်လာခဲ့ရသူတွေလည်း ရှိပါတယ်။

တကယ်တော့ ထိုင်းနိုင်ငံဘက်မှာ အလုပ်သမားလိုအပ်မှုတွေ ရှိနေပြီး MOU နှစ်နိုင်ငံ သဘောတူစာချုပ်နဲ့ တရားဝင် ဝင်ရောက်လာကြဖို့ ကိုဗစ်-၁၉ ကူးစက်မှုတွေကြားက ကျန်းမာရေး၊ လုံခြုံရေး၊ သန့်ရှင်းရေး စဉ်ဆောင်ရွက်ထားပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကစလို့ ၁ ကြိမ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့  ၂ ကြိမ် ခွင့်ပြုထားခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာဘက်ခြမ်းက တကြိမ်မှ အဆင်မသင့်သေးကြောင်း၊ ထိုင်းဘက်ခြမ်းမှာ ကွာရန်တင်းဝင်ကြေး ဈေးကြီးတယ်လို့ ပြောပြီး ခုထိ MOU လုပ်သားတွေ မပို့နိုင်သေးကြောင်း၊ အခုလို MOU တံခါးမဖွင့်လေလေ တရားမဝင် ဝင်လာတဲ့ အလုပ်သမားတွေ များလာလေလေ ဖြစ်နေရတာလို့ ဦးမိုးကြိုးက ပြောပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ ဖမ်းဆီးရမိသူတွေကို လိုအပ်သလို အရေးယူ အပြစ်ပေးပြီး နှစ်နိုင်ငံ နယ်စပ်ဂိတ်ကနေတဆင့် မြန်မာအာဏာပိုင်တွေဘက်ကို လွှဲပြောင်းပေးနေရာမှာ တာ့ခ်ခရိုင် မဲဆောက်ရှိ အမှတ် ၂ ချစ်ကြည်ရေးတံတားမှာဆိုရင် တကြိမ်ကို လူ ၂၀၀ လောက်နဲ့ တပတ်ကို ၃ ကြိမ် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ စနေနေ့တွေမှာ ပြန်ပို့ပေးပြီး ပြီးခဲ့တဲ့ ၂၀၂၁ ဩဂုတ်လမှ ဒီနှစ် မတ်လ ၁ ရက်နေ့ထိ စုစုပေါင်း ၂၆,၇၇၇ ဦးရှိတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

မတ်လ ၃ ရက်  ညကလည်း တာ့ခ်ခရိုင် ဖုပ်ဖရမြို့ ရပ်ကွက် ၆ ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၃ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ နယ်စပ် ထိုင်းသတင်းအဖွဲ့က သိရပါတယ်။

သူတို့ဟာ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၇ ဦးဖြစ်ပြီး ကရင်ပြည်နယ် မြဝတီခရိုင် ဝေါ်လေမြို့ကတဆင့် ဝင်လာပြီး ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ဖြစ်ကြောင်း၊ သူတို့ကို ကျန်းမာရေးဌာနက ကိုဗစ်-၁၉ စစ်ဆေးပြီး ဖုပ်ဖရနယ်မြေ ရဲစခန်းမှာ ချုပ်နှောင်ထားပါတယ်။ 

ဒီကနေ့ မတ်လ ၄ ရက်နေ့ မနက်အစောပိုင်းက မလေးရှားနယ်စပ်  ဆဒါအိုမြို့နယ်မှာ တရားမဝင် မြန်မာအလုပ်သမား ၈ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးမတည်ငြိမ်မှု၊ အသက်အိုးအိမ် မလုံခြုံမှု၊ စားဝတ်နေရေး ခက်ခဲမှုတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ထွက်ပြီး အလုပ်အကိုင် ရှာဖွေနေကြရာမှာ အဖမ်းအဆီးခံရတာလည်း နေ့စဉ် ရာဂဏန်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013