
အမေရိကန်ပြည်ထောင်စု၊ အိုင်ဒါဟိုပြည်နယ်၊ တွင်းန်ဖောလ်စ်မြို့မှာရှိတဲ့ ဈေးဝယ်စင်တာ တခု အတွင်း ဩဂုတ် ၁ ရက်က ဖြစ်ပွားခဲ့တဲ့ လူအစုလိုက်အပြုံလိုက် သေနတ်ပစ်ခတ်မှုကို CCTV စောင့်ကြည့်ကင်မရာနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဝတ်ဆင်ထားတဲ့ ကိုယ်ထည်ကင်မရာ (Bodycam) တွေမှာ မှတ်တမ်းတင် ရိုက်ကူးမိခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က လူ ၃ ယောက် သေဆုံးပြီး ၆ ယောက် ထက်မက ဒဏ်ရာရရှိခဲ့တဲ့ ဒီပစ်ခတ်မှုမှာ သေနတ်သမားဟာ သူ့ကိုယ်သူ ပြန်လည်ပစ်ခတ် သေကြောင်းကြံစည်သွားတာလို့ ရဲတပ်ဖွဲ့က ဩဂုတ် ၂ ရက် တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အသက် ၂၄ နှစ်အရွယ် သံသယရှိသူ ချဒ်ဝီလျံစ်ဟာ ဒီအမှုကို တယောက်တည်း အဓိက သီးသန့် ကျူးလွန်ခဲ့တာလို့ တွင်းန်ဖောလ်စ် ရဲတပ်ကြပ်ကြီး မက်သယူးဟစ်ခ်စ် က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သေနတ်သမား စတင်ပစ်ခတ်ချိန်မှာ တာဝန်ချိန်မဟုတ်တဲ့ ပြည်နယ်ရဲတပ်ဖွဲ့ဝင်တယောက်နဲ့ အများပြည်သူထဲက ပြည်သူတယောက်တို့က ပြန်လည်ခုခံ ပစ်ခတ်ခဲ့ကြတယ်လို့လည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။
Source:Reuters










