DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ဈေးပွဲတော်လူအုပ်ထဲ သေနတ်ပစ်ခတ်မှု ထပ်မံဖြစ်ပွားပြီး ၆ ဦး ဒဏ်ရာရ
DVB
·
August 13, 2026
Photo: TopNews
Photo: TopNews
Donate to DVB

လတ်တလော ထိုင်းနိုင်ငံရဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ သေနတ်နဲ့ ပစ်ခတ်မှုတွေ ဆက်တိုက်လို ဖြစ်ပွားနေတာမှာ ဩဂုတ် ၁၂ ရက် မနေ့ညကလည်း ဈေးပွဲတော်ထဲမှာ လူအုပ်ထဲ ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းအရှေ့မြောက်ပိုင်း အိဆန်ဒေသ နခွန်းရာ့ချ်ဆီမား (ခိုရတ်)ခရိုင် ဒန်ခွန်ထွတ်မြို့ထဲမှာ ဈေးပွဲတော် ကျင်းပနေချိန် ည ၁၀ နာရီခွဲလောက်မှာ ပစ်ခတ်မှုဖြစ်ပြီး ဈေးပွဲအလည်လာသူ ၆ ယောက် ဒဏ်ရာရသွားတယ်လို့ ဒန်ခွန်ထွတ်နယ်မြေ ရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

ဖြစ်စဉ်မှာ ယာဉ်ရပ်နားရာနေရာမှာ လူတယောက်က တပါးသူရဲ့ ဆိုင်ကယ်ကို ခိုးယူဖို့ ကြိုးစားနေစဉ် ပိုင်ရှင်ဖြစ်သူ လာတွေ့သွားပြီး စကားများကြတယ်၊ ဆိုင်ကယ်ပိုင်ရှင်နဲ့ အနီးအနားနေ ပြည်သူတွေက အဆိုပါသူခိုးကို ဝိုင်းဖမ်းဖို့ လုပ်နေစဉ် သူခိုးရဲ့ အပေါင်းပါက ထွက်ပြေးသွားပြီး ခဏအကြာ လက်ထဲ သေနတ်ပါလာကာ သူ့သူငယ်ချင်းကို ဝိုင်းဖမ်းနေတဲ့ လူအုပ်ထဲ သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်၊ ပစ်ခတ်ပြီးတဲ့နောက် အမြန်ပြန်ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုကြောင့် အနီးနားက အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၂ ယောက်၊ စုစုပေါင်း ၆ ယောက် ခန္ဓာကိုယ်၊ ကျောကုန်း၊ လက်နဲ့ ခြေတို့မှာ ဒဏ်ရာရသွားပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က မြို့နယ်ဆေးရုံ ပို့ထားတယ်၊ ဒဏ်ရာပြင်းထန်သူတွေကိုတော့ နခွန်းရာ့ချ်ဆီမား ခရိုင်ဆေးရုံကြီးကို လွှဲပြောင်းထားတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်တဲ့ နေရာကနေ ခိုးမှုကြံစည်သူ အသက် ၃၂ နှစ်အရွယ် လူတယောက်ကို သူ့အပေါင်းအပါ ပစ်ထားခဲ့တဲ့ ထိုင်းလုပ် စပရိန်ပြောင်း သေနတ်တလက်နဲ့အတူ ဖမ်းဆီးရမိတယ်၊ ထွက်ပြေးလွတ်မြောက်သွားသူကိုလည်း ဆက်လက်စုံစမ်းရှာဖွေနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ခုရက်ပိုင်းတွင်း  နွန်ထပူရီ စာသင်ကျောင်းထဲ ပစ်ခတ်မှုမှာ လူ ၉ ယောက် သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရခဲ့တယ်၊ နောက် ၂ ရက်ခန့်အကြာ နွန်ထပူရီ ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌလည်း သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

အခုလို ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက် ထိုင်းဝန်ကြီးချုပ်က သေနတ်လိုင်စင်သက်တမ်း တိုးခြင်းကို  ရပ်ဆိုင်းထားဖို့နဲ့ တာဝန်ရှိသူမှအပ ပြည်သူတွေ (လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးသမားတွေ အပါအဝင်) သေနတ်ကိုင်ဆောင်မှုကို ဟန့်တားဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ညွှန်ကြားထားပါတယ်။

Source: Police TV / TopNews

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013