
စစ်ကိုင်းတိုင်းမှာ မူးမြစ်ရေလျှံတာကြောင့် ရွှေဘိုမြို့နယ်၊ သံပုရာခြံရွာမှ ကလေးတယောက် အပါအဝင် ၃ ယောက်သေဆုံးပြီး ကျေးရွာ ၂၀ ကျော် ရေဘေးကြုံတွေ့နေရကာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးသင့်ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး သဖန်းဆိပ်ဆည် ရေပိုလွှဲကနေ ရေလွှတ်လိုက်တာကြောင့် ရွှေဘိုနဲ့ ဒီပဲယင်းမြို့နယ်ကြားရှိ မူးမြစ် ရေလျှံကာ ရွှေဘို အနောက်မြောက်ခြမ်းရှိ ညောင်ပင်သာ၊ ကံသာကုန်း၊ တညင်ကုန်း၊ ဆင်အင်း၊ သောင်ထွဋ်ကိုင်း၊ မအူပင်၊ ညောင်ပင်လှ၊ ထနောင်းကိုင်း၊ ညောင်ကိုင်း၊ မင်းဘေး၊ တည်သီးတော၊ ရုံးတော၊ ကြောင်လျှာတော၊ ရေကြည်ဝ၊ တည်ပင်၊ ထူးကြီး၊ သန်းတော၊ ဝါးရုံကန်၊ သံပုရာခြံ၊ ရေတော်မူနဲ့ ဝန်းစီ ကျေးရွာအပါအဝင် ကျေးရွာ ၂၀ ကျော် ရေဘေးသင့်နေကာ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ရေဘေးသင့်နေချိန် ဩဂုတ် ၈ ရက်က လှေမှောက်တာကြောင့် သံပုရာခြံကျေးရွာမှ အသက် ၂ နှစ်အရွယ် ကလေးတယောက်၊ မြွေကိုက်တာကြောင့် ဝန်းစီကျေးရွာမှ သက်လတ်ပိုင်းအရွယ် အမျိုးသားတယောက်နဲ့ ရေကြည်ဝကျေးရွာမှ အသက် ၆၀ ကျော်အရွယ် လေဖြတ်ရောဂါအခံရှိသူ အမျိုးသားတယောက် ရေတက်လာလို့ ပြောင်းရွှေ့စဥ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “သံပုရာခြံက လှေကွဲလို့ ကလေးတယောက် သေတယ်။ ရေတက်လာလို့ လှေနဲ့ ပြောင်းရွှေ့ကြတာ၊ လှေဦးက တိုင်ဝင်တိုက်လို့ မှောက်ပြီး ကလေးက ရေနစ်သေတာ။ ဝန်းစီက လူကတော့ မျောသွားတဲ့ပစ္စည်း လိုက်ဆယ်ရင်း ပိုးထိတာ။ ရေကြည်ဝကတော့ လေဖြတ်နေတဲ့ လူကြီး၊ ပြောင်းကြ ရွှေ့ကြရင်းနဲ့ ရောဂါတိုးပြီး ဆုံးတာ။ ဒီမူးက ရေမကြီးတာ ၁၅ နှစ်ကျော်ပြီ။ ရေက ဒီလောက်ကြီးလိမ့်မယ်လို့ ထင်မထားဘူး။ ရေမကြီးတာက ကြာတော့ လှေတွေလည်း မရှိကြတော့ဘူး။ ရေနဲ့ပတ်သက်လို့ အတွေ့ကြုံကနည်း၊ ကြိုတင်ပြင်ဆင်ချိန်က မရတော့၊ အကုန်လုံး ကစဉ့်ကလျား ဖြစ်ကုန်တာ။ ပျက်စီဆုံးရှုံးမှုက ဒီထက်ပိုနိုင်တယ်၊ ရေကျသွားမှ အတိအကျ သိရမှာ” လို့ ပြောပါတယ်။
ရွှေဘိုအနောက်မြောက်ခြမ်း ကျေးရွာတွေမှာ မူးမြစ် ရေလျှံပြီး ရေကြီးနေတာကြောင့် အကူအညီ လိုအပ်နေသလို ရွှေဘိုအနောက်တောင်ခြမ်း ကျေးရွာတွေမှာတော့ စပါးစိုက်ဖို့ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
ရွှေဘိုခရိုင်ထဲက ရွှေဘို၊ ဝက်လက်၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ဒီပဲယင်းနဲ့ အရာတော်မြို့နယ်တွေက မူးမြစ်ကမ်းဘေး ကျေးရွာတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။










