DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုကို စစ်တပ်က ဆက်လက်ထိုးစစ်ဆင်၊ ရွာသား ၂ ဦး မီးရှို့သတ်ဖြတ်ခံရ
DVB
·
March 4, 2022
ဒီးမော့ဆိုကို စစ်တပ်က ဆက်လက်ထိုးစစ်ဆင်၊ ရွာသား ၂ ဦး မီးရှို့သတ်ဖြတ်ခံရ
1 / 4
Donate to DVB

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ မတ် ၃ ရက်က တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က  ၅ ဦးသေဆုံးကာ ကရင်နီပူးပေါင်းတပ်ဘက်က ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။

စစ်ကောင်စီက ကရင်နီပြည်နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ဖေဖော်ဝါရီ ၁၆ ရက်ကစပြီး ရှမ်းကယားနယ်စပ် မိုးဗြဲဘက်ကနေ ဒီးမော့ဆိုမြို့ဘက်ကို ဦးတည်ပြီး စစ်ကြောင်း ၃ ကြောင်းနဲ့ လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ အင်းအားအလွန်အကျွံအသုံးပြု ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး စစ်ကောင်စီတပ်ဟာ ဒီးမောဆိုမြို့နယ် နန်းမယ်ခုံမြို့ကို အင်အားအလွန်အကျွံသုံး တိုက်ခိုက်ခဲ့တာကြောင့် ၃ ရက်မြောက်နေ့မှာ ဝင်ရောက်တပ်စွဲနိုင်ခဲ့ပြီး ကရင်နီပူးပေါင်းတပ်တွေ ဆုတ်ခွာခဲ့ကြရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ဆက်လက်ထိုးစစ်ဆင်တဲ့အတွက် ဖေဖော်ဝါရီ ၂၈ ရက်မှာ သာယပ်ကျေးရွာကနေ ကျွန်းတောကျေးရွာထိ ထပ်မံတပ်ဆုတ်ပြီး ခုခံတော်လှန်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

မတ်လ ၁ ရက်နဲ့ ၂ ရက်နေ့တွေက ကျွန်းတောကျေးရွာမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူကာကွယ်ရေးတပ်၊  ကရင်ပူးပေါင်းတပ်တို့က ဒေါလျားလီ၊ ဒေဘူးကူးနဲ့ ဒေါကမီးကို ထပ်မံဆုတ်ခွာပေးခဲ့ရတယ်လို့ KNDF မှတ်တမ်းအရ သိရပါတယ်။

မတ်လ ၃ ရက်နေ့မှာတော့ ဒေါကမီးကျေးရွာနဲ့ ဆီးလီတုန်းကျေးရွာတို့မှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အင်းအားအလွန်အကျွံအသုံးပြုတာကြောင့် ကရင်နီပူးပေါင်းတပ်တွေ ထပ်မံဆုတ်ပေးခဲ့ရပါတယ်။

ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး ကရင်နီပူးပေါင်းတပ်ဘက်က ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ပြောခွင့်ရသူက ပြောပါတယ်။

“တိုက်ပွဲက မနက် ၅ နာရီလောက်ကနေစပြီးတော့ ညနေ ၆ နာရီလောက်မှပဲ ပြီးသွားတာပေါ့။ ဖြစ်တာကတော့ ဒေါကမီးကျေးရွာ၊ ဆီးလီတုန်းနဲ့ ဟန်သောခူရွာကြားထဲမှာပေါ့နော်။ သူတို့ နန်းမယ်ခုံမှာလည်း လူချထားတယ်။ ကျွန်းတောမှာလည်း လူချထားတယ်။ ၁၀၀ ကျော်က ထိုးစစ်ဆင်လာတာပေါ့နော်။ အဲလိုမျိုးနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တယ်။”

စစ်ကောင်စီစစ်ကြောင်းမှာ တင့်ကား ၂ စီးလည်းပါဝင်ပြီး အနီးအနား အထိုင်တပ်တွေကလည်း တနေကုန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“နယ်မြေကို ပြန်စိုးမိုးနိုင်ဖို့ သူတို့ တင့်ကားနဲ့သုံးတယ်။ တင့်ကားလက်နက်ကြီးနဲ့လည်း ပစ်တယ်။ ပြီးတော့ ၄၂၇၊ ၁၀၂ တပ် ခံတပ်ကနေလည်း လက်နက်ကြီး ၁၂၀၊ ၁၅၀ တွေနဲ့ ကူပြီးတော့ ပစ်ပေးတာပေါ့နော်။”

လက်နက်ကြီးထိမှန်တာကြောင့် ဆီးလီတုန်းကျေးရွာက နေအိမ် ၂ လုံး မီးလောင်ပျက်စီးသွားခဲ့ပြီး ဆင်တောင်ကျေးရွာက နေအိမ် ၂ လုံးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သလို ရွာသား ၂ ဦးလည်း မီးရှို့သတ်ဖြတ်သွားတယ်လို့ ကရင်နီတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီကနေ့ မတ် ၄ ရက်နေ့မနက် အစောပိုင်းမှာလည်း   ဒီးမော့ဆိုမြို့နယ် ပူဖားကျေးရွာကို စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ဒီးမော့ဆိုမြို့နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာဖို့ ရှိတယ်လို့ ကရင်နီပူးပေါင်းတပ်တွေက ပြောပါတယ်။

လက်ရှိ တိုက်ပွဲတွေကြောင့် နန်းမယ်ခုံနဲ့ ဒီးမော့ဆိုမြို့ကြားက ကျေးရွာတွေမှာ သွားရောက်ခိုလှုံနေကြတဲ့ စစ်ရှောင်ပြည်သူ ၂၀၀၀၀ ကျော်ရှိတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

လက်ရှိမှာတော့ အဲဒီအနီးနားက ကျေးရွာခံတွေရော၊ စစ်ဘေးရှောင်တွေကပါ ထပ်ဆင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် နေထိုင်စားသောက်ရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။

အလားတူ ဒီးမော့ဆိုမြို့နယ် လွိုင်နန်းဖ ကျေးရွာနဲ့ ဒေါသမကြီးဘက်မှာရှိတဲ့ စစ်ရှောင်တွေလည်း ထပ်မံတိမ်းရှောင်နေရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013