DVB Logo
Home
မြန်မာသတင်း
လယ်ယာကဏ္ဍထုတ်လုပ်မှု တိုးတက်လာဟု စစ်ခေါင်းဆောင် ပြောသော်လည်း လက်တွေ့မြေပြင် အခြေအနေနှင့် ကွဲလွဲနေ
DVB
·
March 2, 2022
လယ်ယာကဏ္ဍထုတ်လုပ်မှု တိုးတက်လာဟု စစ်ခေါင်းဆောင် ပြောသော်လည်း လက်တွေ့မြေပြင် အခြေအနေနှင့် ကွဲလွဲနေ
Donate to DVB

မြန်မာ့လယ်ယာကဏ္ဍမှာ ကုန်ထုတ်လုပ်မှုတိုးတက်လာတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောနေပေမဲ့ တကယ့်လက်တွေ့မြေပြင်အခြေအနေမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် နယ်မြေဒေသအသီးသီးမှာ တိုက်ပွဲတွေဖြစ်ပွားပြီး တည်ငြိမ်မှုတွေ ပျက်စီးသွားတဲ့အတွက် လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင်နေကြတဲ့ လယ်သမားတွေဟာ ကောင်းမွန်စွာလုပ်ကိုင်နိုင်ခွင့် မရရှိကြတော့ဘူးလို့ လယ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

လယ်သမားအရေး တက်ကြွလှုပ်ရှားသူတဦးက “နယ်တွေမှာ အရင်ကလို ကိုယ့်လယ်ယာကို ကိုယ် ကောင်းကောင်းမွန်မွန် ဘယ်သူမျှ မစိုက်နိုင်တော့ဘူးနော်။ အကြမ်းဖက်စစ်တပ်က လက်နက်တွေနဲ့ ရွာတွေထဲကို အချိန်မရွေး ရောက်လာကြပြီး မထင်ရင် မထင်သလို ဖမ်းပြီး နှိပ်စက်နေတာ။ အဆိုးဆုံးက စိုက်ပျိုးထားတဲ့ သီးနှံတွေကို မီးရှို့ဖျက်ဆီးတာနော်။ အဲဒီတော့ လယ်သမားတွေလည်း လယ်ကို စိတ်အေးအေးနဲ့ ကောင်းကောင်းမွန်မွန်လုပ်နိုင်ဖို့ဆိုတာက ဒီဖက်ဆစ်တွေ မြန်မြန်ကျဆုံး မှဘဲ ဖြစ်မယ်ဗျို့” လို့ ဒီဗွီဘီကို ပြောပါတယ်။

အထူးသဖြင့် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဘက်မှာ စစ်ကောင်စီတပ်တွေက ရွာတွေကို မီးရှို့၊ ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ကျူးလွန်နေတာကြောင့် တောင်သူလယ်သမားတွေ စစ်ဘေးရှောင်ထွက်ပြေးနေရလို့ တောင်ရာလုပ်ငန်းတွေ လုပ်ကိုင်နိုင်ခြင်းမရှိပါဘူး။

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်မှာ စိုက်ပျိုးရေးထွက်ကုန်တွေ ဝယ်ယူသူဈေးကွက် မရှိတဲ့အတွက် တောင်သူအနေနဲ့ လုပ်သားမငှားရမ်းနိုင်တော့လို့ အခြေခံလူတန်းစား လက်လုပ်လက်စားတွေဟာ အလုပ်လက်မဲ့နဲ့ ရင်ဆိုင်နေရတယ်လို့  ဒေသခံ တောင်သူတွေထံက သိရပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှု၊ ကိုဗစ်ရောဂါတွေကြောင့်  စိုက်ပျိုးရေးထွက်ကုန်တွေကို ဝယ်ယူသူနဲ့ ဈေးကွက်မရှိတဲ့အတွက် တောင်သူအနေနဲ့ တပိုင်တနိုင်သာ စိုက်ပျိုးလုပ်ကိုင်လာတဲ့အတွက် အခက်အခဲတွေ ရင်ဆိုင်နေရသလို အခြေခံလူတန်းစားတွေဟာ အလုပ်လက်မဲ့တွေကြောင့် စားဝတ်နေရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။

အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ အဟန့်အတားများစွာဖြစ်ပေါ်ခဲ့ပေမဲ့ စားနပ်ရိက္ခာထုတ်လုပ်မှုက မူလအတိုင်း ထုတ်လုပ်နိုင်ခဲ့တဲ့အတွက် လယ်ယာသားငါးကဏ္ဍက အရှိန်အဟုန်မကျဘဲ ၁ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့တယ်လို့  ပြောပါတယ်။

မတ်လ ၂ရက် ဒီနေ့ကျရောက်တဲ့ တောင်သူလယ်သမားနေ့သဝဏ်လွှာမှာ  စစ်ခေါင်းဆောင်က မိုးစပါးအနေဖြင့် စိုက်ဧက ၁၅ ဒသမ ၀၁ သန်း စိုက်ပျိုးခဲ့ပြီး အထွက်တင်းသန်းပေါင်း ၁၀၅၃ ဒသမ ၇၃ တင်းထွက်ရှိခဲ့တာကြောင့် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက စိုက်ဧက ၈၁၃၄၃ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး အထွက်တင်းသန်းပေါင်း ၂ ဒသမ ၆၈ တင်း ပိုမိုထုတ်လုပ်နိုင်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

တခြားလယ်ယာသီးနှံတွေဖြစ်တဲ့ ပဲမျိုးစုံမှ စိုက်ဧက ၉ ဒသမ ၆၃ သန်း စိုက်ပျိုးခဲ့ပြီး အထွက်တင်းသန်းပေါင်း ၂၄ ဒသမ ၁၆ တင်း၊ ဆီထွက်သီးနှံစိုက်ဧက ၇ ဒသမ ၃၇ သန်း နှင့် အထွက်တင်းသန်းပေါင်း ၉၆ ဒသမ ၂၂ တင်း၊ အစေ့ထုတ် ပြောင်းစိုက်ဧက ၁ ဒသမ ၄၉ သန်း ရှိပြီး အထွက်တင်းသန်းပေါင်း ၇၉ ဒသမ ၆၅ တင်းထွက်ရှိခဲ့ပါတယ်။

ပြည်ပကုန်သွယ်မှုအနေနဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ကန့်သတ်ချက်များစွာရှိနေတဲ့ကြားမှ ပုံမှန်အခြေအနေ မဟုတ်သော်လည်း ပြည်ပတင်ပို့မှုအနေနဲ့ လယ်ယာထွက်ကုန်မှ အမေရိကန်ဒေါ်လာ ၃၆၅၀ ဒသမ ၂၈ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်းမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၁ သန်း၊ ရေထွက်ပစ္စည်းမှ အမေရိကန်ဒေါ်လာ ၇၀၅ ဒသမ ၆၃ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၃၆၁ ဒသမ ၄၂ သန်းတင်ပို့နိုင်ခဲ့ပါတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါကြောင့် လယ်ယာသားငါးကဏ္ဍက ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (GDP) မှာ ၂၂ ဒသမ ၇ ရာခိုင်နှုန်း  ထောက်ပံ့ပေးနိုင်ခဲ့ပြီး ပြည်ပ ပို့ကုန်တင်ပို့မှုကဏ္ဍမှာဆိုရင်လည်း ရာခိုင်နှုန်းအားဖြင့် ၃၅ ဒသမ ၁ ရာခိုင်နှုန်း ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးကာကွယ်ရေနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ ၂၀၁၉ ခုနှစ်ကစလို့ နှစ်စဉ် အခြေခံရည်ညွှန်းစပါးစျေးနှုန်း သတ်မှတ်ပေးတာ၊ လယ်ယာသုံးစက်ကိရိယာတွေကို တောင်သူတွေ သင့်လျော်တဲ့စျေးနှုန်းနဲ့ အရစ်ကျဝယ်ယူနိုင်ရေးဆောင်ရွက်ပေးတာ နဲ့ သီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခြင်းတို့ကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့်ဖြစ်ပေါ်လာတဲ့ စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုကုစားရေးအတွက် တောင်သူလယ်သမားတွေကို စိုက်ပျိုးစရိတ်ချေးငွေ ၁၉၂၆ ဒသမ ၆၁ ဘီလီယံကျပ် အပြင် JICA နဲ့ မြန်မာ့စီးပွားရေးဘဏ်တို့မှ နှစ်ဆင့်ချေးငွေ ၁၈၂ ဒသမ ၁၉ ဘီလီယံကျပ် နဲ့  ကိုဗစ်-၁၉ အထူးချေးငွေ ၄၂၁ ဒသမ ၂၉ ဘီလီယံကျပ် စုစုပေါင်း ၂၅၃၀ ဒသမ ၀၉ ဘီလီယံ ကျပ် ထုတ်ချေးပေးထားတယ်လို့  စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံစားနပ်ရိက္ခာ မလုံလောက်မှုအန္တရာယ် လျော့ပါးသက်သာရေးနဲ့ လယ်သမားတွေ သီးနှံအထွက်တိုးအောင် ဆောင်ရွက်နိုင်ရေးတို့အတွက် ဒိန်းမတ်နိုင်ငံက ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဥ်ကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၈သန်းနဲ့  ညီမျှတဲ့ ဒိန်းမတ် ခရိုနာ ၂၅သန်းကို ထည့်၀င် လှူဒါန်းထားကြောင်း သံရုံးက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013