ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်တပ်ထုတ်ကုန်တွေကို မတ်လ ၂၀ ရက် နောက်ဆုံးထားပြီး သယ်ယူရောင်းဝယ်ဖောက်ကားတာတွေမပြုလုပ်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO ) က ဖေဖော်ဝါရီ ၂၆ ရက်က သတိပေးစာ ထုတ်ပြန်ထားပါတယ်။
စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ စစ်ကောင်စီရဲ့ဒေါက်တိုင် အကျိုးတူ စီးပွားရေးလုပ်ငန်းတွေ ဖြစ်တဲ့ အရက်ဘီယာတွေ၊ ဆောက်လုပ်ရေးသုံး ဆင်မင်းဘိလပ်မြေတွေကို သယ်ယူ ရောင်းဝယ်ဖောက်ကားတာ မပြုလုပ်ဖို့ ကေအိုင်အို ဖားကန့်ခရိုင် အုပ်ချုပ်ရေးရုံးကနေ သတိပေးစာ ထုတ်ပြန်ထားတာပါ။
သတ်မှတ်ထားတဲ့ရက်ဖြစ်တဲ့ မတ်လ ၂၀ ရက်နောက်ပိုင်း တားမြစ်ထားတဲ့ စစ်တပ်ထုတ်ကုန်တွေကို လက်လီလက်ကား ရောင်းဝယ်ဖောက်ကားတဲ့ ဆိုင်တွေနဲ့ သယ်ယူပို့ဆောင်တဲ့ယာဥ်တွေကိုပါ ထိရောက်စွာ အရေးယူတားမြစ်ပိတ်ပင်သွားမယ်လို့လည်း သတိပေးထားပါတယ်။
ဖားကန့်မြို့နယ် ကားမိုင်း-လဝါးသွားလမ်းမှာရှိတဲ့ စစ်ကောင်စီဂိတ်စခန်းကို ဖေဖော်ဝါရီ ၂၅ ရက်က ကေအိုင်အေက သွားရောက်တိုက်ခိုက်ခဲ့လို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၄ ယောက်နဲ့ စစ်ကောင်စီသတင်းပေး ၁ ယောက် သေဆုံးခဲ့ပါတယ်။