
တောင်ကိုရီးယားမှာ မြန်မာလုပ်သားတယောက် မတ် ၂၄ ရက်က လုပ်ငန်းခွင်မှာ မတော်တဆမှု ဖြစ်ပြီး သေဆုံးခဲ့တယ်လို့ အဲဒီနိုင်ငံရောက် မြန်မာအသိုက်အဝန်းဆီက သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ ဟွာဆောင်မြို့က စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၃၃ နှစ်အရွယ် ကိုစန်းယုဟာ မတ် ၂၄ ရက် မွန်းတည့် ၁၂ နာရီလောက်က အလုပ်လုပ်နေချိန် စက်ညှပ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီမတော်တဆမှုဖြစ်ဖြစ်ချင်း အာဂျုတက္ကသိုလ်ဆေးရုံ၊ အရေးပေါ်ဌာနကို ပို့ခဲ့ပေမဲ့ အသက်မမီ တော့ပဲ သေဆုံးခဲ့ရတာလို့ တောင်ကိုရီးယားရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က ပြောပါတယ်။
ကိုစန်းယုမှာ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ကနေ တောင်ကိုရီးယားကို ရောက်ရှိလုပ်ကိုင်နေသူ ဖြစ်ပြီး ဇနီးနဲ့ ကလေး ၂ ယောက်ကျန်ရစ်ကာ ဖြစ်စဥ်နဲ့ပတ်သက်လို့ မိသားစုဆီ အကြောင်းကြား ထားတယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ အလုပ်ပင်ပန်းတာ၊ အိပ်ပျက်များတာတွေကြောင့် အာရုံစူးစိုက်မူနည်းပြီး လုပ်ငန်းခွင်ထဲမှာ မြန်မာလုပ်သားတွေ မတော်တဆထိခိုက်၊ သေဆုံးမူတွေ မကြာခဏ ဖြစ်လေ့ ရှိတယ်လို့ အဲဒီနိုင်ငံမှာ ၁၀ နှစ်ကျော် ရောက်ရှိလုပ်ကိုင်နေသူ ကိုချစ်မောင်က ပြောပါတယ်။
“စက်ပစ္စည်းနဲ့ လုပ်ရတာဆိုတော့ အရမ်းသတိထားရတယ်။ လုပ်ငန်းခွင်ထဲမှာ အိပ်ရေး ပျက်တာ များတာမျိုး၊ စိတ်ဖိအားများတာမျိုးတွေ မဖြစ်ရအောင် ဂရုစိုက်နေနိုင်မှ အဆင်ပြေမှာ။”
တောင်ကိုရီးယားနိုင်ငံမှာ မတ် ၁၃ ရက်ကလည်း အသက် ၃၅ နှစ်အရွယ် မြန်မာလုပ်သား တယောက် အခန်းအတွင်း အောက်စီဂျင်ပြတ်ကာ အသက်ရှူကြပ်ပြီး အိပ်နေရင်း သေဆုံးခဲ့ပါတယ်။










