
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဘုန်းတော်ကြီးတစ်ပါး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီ ၂၇ ရက် မနက် ၁၁ နာရီဝန်းကျင်လောက်က ဘန့်ဘွေးရွာမကျေးရွာအတွင်းကနေ လက်နက်ကြီး ၃ ချက် ပစ်ခတ်ခဲ့ရာ ဥယျာဥ်ကျောင်း အတွင်းကို လက်နက်ကြီး နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး တစ်လုံးကတော့ ရွာရဲ့တောင်ဘက်မှာပဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဥယျာဥ်ကျောင်းအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းကြီးတစ်ပါးရဲ့ လက်မှာ လက်နက်ကြီးစ ထိမှန် (မစိုးရိမ်ရ)ဒဏ်ရာရရှိသွားခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီကျောင်းမှာ ဘုန်းကြီးနှစ်ပါး သတင်းသုံး နေထိုင်နေတာဖြစ်ပြီး နှစ်ပါးလုံးက အကြား အာရုံ မကောင်းကြဘူးလို့ ပြောပါတယ်။
စစ်ကောင်စီတပ်အင်အား ၇၀ ခန့်လောက်နဲ့ ဘန့်ဘွေးရွာမကျေးရွာအတွင်းကို ဖေဖော်ဝါရီ ၂၅ ရက်က ထပ်မံဝင်ရောက်လာခဲ့တာဖြစ်ပြီး ဝင်ရောက်လာစဥ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဝင်ရောက်လာတာလို့ သိရပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ကို PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ဖို့ ကြိုးစားပေမယ့် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်ခဲ့တာကြောင့် PDF ပူးပေါင်းအဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ကြရတယ်လို့ သိရပါတယ်။