DVB Logo
Home
မြန်မာသတင်း
ဖာပွန်ခရိုင်တွင် BGFက လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ရွာသား ၁ ဦးသေ၊ ၄ ဦးဒဏ်ရာရ
DVB
·
February 26, 2022
ဖာပွန်ခရိုင်တွင် BGFက လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ရွာသား  ၁ ဦးသေ၊ ၄ ဦးဒဏ်ရာရ
Donate to DVB

ကေအန်ယူ တပ်မဟာ ၅ နယ်မြေ ဖာပွန်(မူတြော်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ကွမ်းပင်ကျေးရွာအုပ်စု၊ ကပီခီးကျေးရွာတွင်းကို ဖေဖော်ဝါရီ ၂၄ ရက် ည၁၂ နာရီလောက်က နယ်ခြားစောင့်တပ် (BGF) အမှတ်-၁၀၁၃ တပ်ရင်းက ဗိုလ်မောင်ချစ်ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာသား ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရရှိခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံစောခူနေလား အသက် ၁၉ နှစ်ဟာ လက်နက်ကြီးကျည်ဆန်ထိမှန်သေဆုံးခဲ့ပြီး၊ စောဘရီး အသက် ၇၀ နှစ်၊ စောဟဲနရီ အသက် ၄၆ နှစ်၊ နော်ထူးထူး အသက် ၄၃ နှစ်နဲ့ စောမူဂေတော အသက် ၁၃ နှစ်တို့ ထိမှန်ဒဏ်ရာတွေရရှိခဲ့တဲ့အပြင်  လူနေအိမ် ၅ လုံး ထိမှန်ပျက်စီးကာ အိမ်မွေးတိရိစ္ဆာန် ဝက် ၂ ကောင်သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက် မနက် ၁၀ နာရီလောက်က စစ်ကောင်စီရဲ့တပ်နဲ့ BGF တပ်ဖွဲ့ဝင်တွေက တပ်စခန်းတည်ဆောက်ဖို့ လယ်ဂူနဲ့ ကျော်တရီကျော်ရွာကိုရောက်ရှိလာပြီး ဒေသခံကျေးရွာသားတွေထံက ငွေကြေးတောင်းခံခဲ့တယ်လို့ဆိုပါတယ်။

အလားတူ ဖေဖော်ဝါရီ ၂၄ ည ၉ နာရီခွဲလောက်က ကေအန်ယူ၊ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ၊ သထုံမြို့နယ်၊ နောင်ကတုတ်အောက်ပိုင်း ကျေးရွာအတွင်းကို စစ်ကောင်စီရဲ့ ခမရ ၉ တပ်စခန်း(ကြခတ်ချောင်း)ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူနေအိမ် ၁ လုံးနဲ့ စာသင်ကျောင်း ထိမှန်ပျက်စီးခဲ့တယ် ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့တပ်စခန်းကနေ လက်နက်ကြီး ၃ ချက် ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ နော်ဖောဂေရဲ့ နေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အိမ်မျက်နှာကြက်၊ အကာ၊ သွပ်ပြားတွေ ထိမှန်ပျက်စီးခဲ့သလို ကျေးရွာစာသင်ကျောင်းပါ ထိမှန်ပျက်စီးခဲ့တယ်လို ဒေသခံတွေက ဆိုပါတယ်။

အလားတူ ပိန္နဲတောကျေးရွာမှာ အခြေချထားတဲ့ စကခ ၈ စခန်းကနေ လက်နက်ကြီး ၄ ချက် ထပ်မံပစ်ခတ်ခဲ့တဲ့အတွက် ဒုံသမိချောင်း တစ်ဖက်ကမ်းမှာ ၃ လုံးကျရောက်ပေါက်ကွဲခဲ့သလို ပရစ်ခိုကျေးရွာအနီး လက်နက်ကြီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

နတ်ကတုတ်ကျေးရွာသားတစ်ဦးက” စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို ရွာက လူနေအိမ်တစ်လုံးနဲ့ စာသင်ကျောင်း ထိမှန်ပျက်စီးသွားတယ်။ စခန်းထဲကနေ အခုလို ညဘက်ကြီး ရမ်းသန်းပစ်ခတ်နေတာက အပြစ်မရှိတဲ့ ရွာသားတွေကိုတော့ ထိချင်တာထိဆိုပြီး သက်သက်မဲ့ကို ပစ်ခတ်နေတာ။ သူတို့(စစ်တပ်)ကျ စခန်းအပြင်တောင် မထွက်ရဲဘူး”လို့ ဆိုပါတယ်။

အဆိုပါနေ့ မနက်ပိုင်းမှ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာဘက်ကနေ ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မနက် ၉ နာရီလောက်က နတ်ကြီးနဲ့ မယ်ပလိရွာကြားမှာ တစ်ကြိမ်၊ ၁၀ နာရီခွဲလောက်က တစ်ကြိမ် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်တွေက စောင့်ကြိုပစ်ခတ်ခဲ့တဲ့အတွက် တိုက်ပွဲ ၂ ကြိမ်အတွင်း စစ်ကောင်စီတပ်ဘက်က ၅ ဦးကျဆုံးခဲ့ပါတယ်။

တပ်မဟာ ၁ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီရဲ့တပ်နဲ့ BGF ပူးပေါင်းတပ်တွေဟာ နယ်မြေကျော် စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်လို့ ဒေသခံပြည်သူတွေကို သတိထားနေထိုင်ကြဖို့နဲ့ တိုက်ပွဲဖြစ်ပွားလာရင် ဘေးလွတ်ရာရွေ့ပြောင်းနေထိုင်ကြဖို့ ကေအန်ယူတာဝန်ရှိသူတွေက အသိပေးနှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013