DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က မြေပြင်နှင့် လေကြောင်းမှ အင်အားသုံးတိုက်ခိုက်ခဲ့သဖြင့် နန်းမယ်ခုံကို ယာယီ စွန့်ခွာရဟု KNDF ပြော
DVB
·
February 25, 2022
စစ်ကောင်စီတပ်က မြေပြင်နှင့် လေကြောင်းမှ အင်အားသုံးတိုက်ခိုက်ခဲ့သဖြင့်  နန်းမယ်ခုံကို ယာယီ စွန့်ခွာရဟု KNDF ပြော
Donate to DVB

ကယား(ကရင်နီ) ပြည်နယ်မှာ ၁၀ ရက်ဆက်တိုက် စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်တို့ အကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားရာမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ သံချပ်ကာကားတွေ၊ တိုက်လေယာဉ်တွေနဲ့ အင်အားသုံးတိုက်ခိုက်တာကြောင့်  ကရင်နီပူးပေါင်းတပ်တို့အဓိက လှုပ်ရှားနေတဲ့ နန်းမယ်ခုံမြို့ကနေ ယာယီဆုတ်ခွာခဲ့ရတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)က ပြောပါတယ်။

KNDF ပြောခွင့်ရသူက  “ ကျနော်တို့ အဲဒီနားလေး ခဏလေး ခွာလိုက်ရတဲ့ အနေအထားတခုတော့ ကျနော်တို့ ကြုံနေရတာပေါ့။ အကြောင်းအရင်းကဘာလဲဆိုရင် လေကြောင်းတိုက်ခိုက်မှုက နေ့တိုင်းလိုလိုဖြစ်တော့ နည်းနည်းလေး ခွာလိုက်ရတဲ့ အနေအထား တခုတော့ ရှိတယ်ဗျ။ ”

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစပြီး မိုးဗြဲကနေတဆင့် ဒီးမော့ဆိုဘက်ကို ထိုးစစ်ဆင်ဖို့   စစ်ကြောင်းသုံးကြောင်း အင်အား ၁၀၀ လောက် အသုံးပြုပြီး မြေပြင်ကော ဝေဟင်ပါ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် မနေ့ညနေပိုင်းမှာ နန်းမယ်ခုံကနေ ဆုတ်ခွာပေးခဲ့ရတာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းတွေ နန်းမယ်ခုံကနေဆင့် ဒီးမော့ဆိုမြို့ကို ဦးတည်ပြီး စစ်ကြောင်းထိုးနေကြောင်းလည်း KNDF ပြောခွင့်ရသူက ပြောပါတယ်။

“ အဲသလို စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးတယ်ဆိုကတည်းကတော့ ဒါ ဒီးမော့ဆို အထိ ဦးတည်မယ့်အနေအထားမျိုးတော့ ကျနော်တို့တွေ့ရတယ်ဗျာ။ ”

ကယား(ကရင်နီ) ပြည်နယ်မှာ ဇန်နဝါရီလ ၆ ရက်နေ့ကစပြီး လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး ရက်ဆက် ကြိုကြားကြိုးကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ ရှမ်းပြည်နယ်ကနေရော၊ ပြည်မဘက်က အင်အားတချို့ကို ထုတ်နုတ်ပြီး ကယား( ကရင်နီ) ပြည်နယ်ဘက်ကို စစ်အင်အား  ၁၀၀၀ လောက် ပို့ဆောင်ပြီး အခု ဖေဖော်ဝါရီမှာ စတင်ထိုးစစ်ဆင်တာလို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဦးဆောင်ကော်မတီအဖွဲ့ဝင် အန်ယူဂျီရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုဝန်ကြီး ခွန်းဘီထူးက ပြောပါတယ်။

လက်ရှိပြည်သူအများစုကို နေထိုင်တဲ့ နန်းမယ်ခုံကို ထိန်းချုပ်နိုင်ဖို့ အင်အားအများပြားအသုံးပြုပြီး ထိုးစစ်ဆင်ခဲ့တာဖြစ်ကြောင်းလည်း ခွန်းဘီထူးက ပြောပါတယ်။

“ပြည်သူလူထုတွေ အများဆုံးနေတဲ့ နန်းမယ်ခုံမြို့ဘက်ကို စစ်ကြောင်းတွေထိုး လာတယ်။ သူတို့ရဲ့အဓိက ရည်ရွယ်ချက်ကတော့ နန်းမယ်ခုံမြို့ဘက်ကို ပြန်ပြီးမှ ယူဖို့ ယူဆထားတာပေါ့နော်။ နန်းမယ်ခုံမှာ လူထုတွေ အများအပြားနေတယ်။ ဒီမြို့က လွိုင်ကော်မြို့ရဲ့ အနောက်ဘက်ခြမ်းမှာ ရှိပြီးမှ မိုးဗြဲကနေလည်း လာလို့ ရသလို ဒီးမော့ဆို ဘက်နေလည်း ဖြတ်တဲ့လမ်းရှိပါတယ်။ ဒီမြို့ကနေပြီးမှ လူထုတွေရဲ ပြည်ညာရေး ကျန်းမာရေးလုပ်ဆောင်နေတဲ့ နေရာတနေရာလည်းဖြစ်တယ်။ အဲဒီနေရာကို စစ်ကောင်စီက တိုးချဲပြီးယူဖို့ ကြိုးစာနေတဲ့လုပ်ရပ်လို့ကျနော်တို့ ယူဆတယ်။ ”

မိုးဗြဲကနေ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကတည်းက စတင်ဖြစ်ပွားတဲ့တိုက်ပွဲဟာ ဒီကနေ့အထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး မိုးဗြဲကနေ ဒီးမော့ဆိုမြိုနယ် နယ်မယ်ခုံအထိ တလျှောက်လုံး ကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်း ရှောင်နေကြရပါတယ်။

“ကျနော်တို့ မိုးဗြဲအထွက် ဝါရီဆူးပလိုက်နေ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ ရှိတဲ့လူတွေအားလုံးကတော့ လွှတ်ရာ ကျွတ်ရာကို ထွက်ပြေးကြရတဲ့အနေအထားမျိုးကို ရောက်သွားပြီဗျာ။ ”

ဒါ့အပြင် လေကြောင်းနဲ့ပစ်ခတ်တိုက်လိုက်ရာမှာလည်း လူထုတွေ ရှိတဲ့နေရာကို ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ သေဆုံးတာ၊ နေအိမ်မီးလောင် ပျက်စီး တာတွေနဲ့ ရင်ဆိုင်ကြပါတယ်။

စစ်ကောင်စီပြန်ကြားရေးကတော့ ဒီတိုက်ပွဲနဲ့ပတ်သက်လို့  နမ့်မယ်ခုံဒေသကို အခြေပြုပြုပြီး ကယားပြည်နယ် လွိုင်ကော်မြို့၊ မိုးဗြဲမြို့နဲ့ ဒီးမော့ဆိုမြို့တွေ တည်ငြိမ်အေးချမ်းရေးနဲ့ ဒေသခံပြည်သူလူထုရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ဖျက်ဆီး နှောင့်ယှက်နေတဲ့  KNPP အဖွဲ့နဲ့ PDF တွေရဲ့ စခန်းကို သိမ်းပိုက်လိုက်တယ်လို့  ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆင်ရေးနဲ့ နယ်မြေလုံခြုံရေး၊ နယ်မြေစိုးမိုးရေးအသွင်နဲ့  မိုးဗြဲ၊ ဝါရီဆူပလိုင်း၊ ဝီသဲခူ(တောင်)၊ ဝီသဲခူ(မြောက်)၊ ဘုရားဖြူ၊ ဘုရားနီမှတဆင့် စစ်ကြောင်းတွေခွဲ ဝင်ရောက်ကာ လက်နက်ကြီး ပစ်ကူနဲ့ လေကြောင်းပစ်ကူရယူပြီးတိုက်ခိုက်ခဲ့ရာမှာ KNPP အဖွဲ့နဲ့ PDF အခြေပြုတဲ့ နမ့်မယ်ခုံ၊ အိုကေကျေးရွာအပြင် အဓိက အခြေပြုသည့် ဆင်မတောင်၊ ဆင်ထီးတောင်နဲ့ ဘုရားကုန်း တစ်ဝိုက်တို့ကိုပါ ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ဒေသတွင်းမှာ တိုက်ပွဲတွေ       ၁၀ ဆက်တိုက်ပြင်းထန်စွာဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုအများအပြားရှိခဲ့သလို အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013