
ပင်းတယတောင်တန်းမှာ ရေကြီး မြေပြိုမှုတွေဖြစ်ခဲ့တာ တနှစ်ပြည့်မြောက်လာပြီဖြစ်ပေမဲ့ ပြန်လည်ထူထောင်ရေးအတွက် ဒေသခံတွေ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်က ပင်းတယတောင်တန်းဒေသမှာ နှစ်ပေါင်း ၁၈၀ အတွင်း ပထမဆုံးမြေပြိုမှု ဖြစ်ပွားခဲ့တာ တနှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
မြေပြိုမှုကြောင့် သဘာဝဘေးကို ခံစားခဲ့ရတဲ့ ဒေသခံတွေမှာ ခြံတွေ၊ လယ်တွေ၊ တောင်ယာတွေ ပျက်စီးဆုံးရှုံးခဲ့ရတာဖြစ်ပြီး ခြံတွေ၊ လယ်တွေ ပါသွားခဲ့လို့ အသက်ဆက်မွေးဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သဘာဝဘေးကို အများဆုံး ခံစားခဲ့ရတဲ့ ကုန်းစောင်းကျေးရွာမှ ကျေးရွာသားတယောက်က “အခု ကျနော်က ကုန်းစောင်းရေဘေးမှာ ပြောင်းနဲ့ ပဲစင်းငုံစိုက်ခင်းတကွက်ပါ ပါတယ်။ အဲဒီခြံကလည်း ခုထက်ထိ ထွန်ယက်မလုပ်စားနိုင်သေးပါဘူး။ အဲဒီခြံပေါ်မှာ ကျောက်ခဲတွေ၊ သစ်တုံးကြီးတွေ၊ ပုံနေတဲ့အတွက် အဲဒါကို လူအင်အားနဲ့ မထွင်နိုင်ဘူးဖြစ်နေတယ်။ စက်ယန္တရားအကူညီလည်း လိုပါတယ်။ ကျောက်တုံးတွေ သဲတွေ သယ်ထုတ်ဖို့က တူးနှုတ်ဖို့က အဲဒါတွေလိုပါတယ်။ အဲ့ထဲမှာလည်း ဝင်ငွေက ကျပ် သိန်း ၂၀ လောက် ဝင်ပါတယ်။ အခုဆို အဲ့သိန်း ၂၀ က အဲ့မြေကွက် မလုပ်စားရတဲ့အတွက်က ကျနော်တို့ ဝင်ဖို့ရာမရှိပါဘူး။ စားဝတ်နေရေးကလည်း ဝမ်းစာလောက် ကတ်သီးကတ်သတ်ပဲ လယ်ကနေရတော့ စပါးပဲရှိပါတယ်။ ကျန်တဲ့ လူမှုရေးတွေ၊ ကျန်တဲ့ အလှူအတန်းတွေ အမျိုးမျိုးပေါ့၊ မလုပ်နိုင်ဘူး ဖြစ်နေရပါတယ်” လို့ ပြောပါတယ်။
သဘာဝဘေးမှာ နေအိမ်မပျက်စီးပေမဲ့ လယ်နဲ့ ခြံတွေ၊ တောင်ယာတွေ ပျက်စီးသွားတဲ့ ဒေသခံတွေကို မေးမြန်းခဲ့ရာမှာတော့ အကူအညီ အထောက်အပံ့ မရရှိကြဘူးလို့ ဆိုပါတယ်။
မြေပြိုသဘာဝဘေးမှာ ပင်စိမ်းပင်၊ ကုန်းစောင်း၊ အုံအက်ကျေးရွာက အများဆုံး ထိခိုက်ခံစားခဲ့ရပြီး လူ ၈ ယောက် သေဆုံးခဲ့သလို အလောင်းတလောင်းကတော့ အခုထိ ပြန်မတွေ့သေးပါဘူး။
သဘာဝဘေးကြောင့် နေအိမ် ၁၇ လုံး ချောင်းရေနဲ့အတူ ပါသွားခဲ့ပြီး သစ်လုံးတွေ၊ ပြိုကျနေတဲ့ အုတ်တံတိုင်းတွေကြောင့် ရေနဲ့မပါခဲ့ပေမဲ့ ရေလမ်းကြောင်းတည့်တည့်မှာ ရှိနေတဲ့ နေအိမ် ၆ လုံးကလည်း ရွှေ့ပြောင်းရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနှစ်တာအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ ရွှေ့ပြောင်းရမဲ့ နေအိမ်တွေအတွက် တောင်အောက်က နေရာလွတ်မှာ အရင်နေအိမ်ခြံဝန်းလောက် မကျယ်တော့တဲ့ မြေနေရာတွေကို ဒေသဦးစီးအဖွဲ့တွေက အစားထိုး ပြန်ပေးခဲ့ပါတယ်။
ကျောက်တုံးတွေအောက်ရောက်သွားတဲ့ စိုက်ပျိုးမြေတွေကို ပြန်လည်ဖော်ထုတ်ဖို့ကတော့ တနှစ်ပြည့်မြောက်လာပေမဲ့ ဖြစ်မလာသေးပါဘူး။
ဒါကြောင့် စိုက်ပျိုးမြေပျက်စီးသွားတဲ့ ဒေသခံတွေမှာ လက်ရှိ ၂၀၂၆ မိုးရာသီအတွက် စိုက်ပျိုးနိုင်ခြင်း မရှိသလို ဒီမိုးမကုန်ခင်မှာလည်း ဝမ်းစာအခက်အခဲနဲ့ ရင်ဆိုင်လာရမှာ ဖြစ်ပါတယ်။
အိမ်သစ်ဆောက်ပြီး တနှစ်အကြာမှာ အိမ်ရော ခြံပါ သဘာဝဘေးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အမျိုးသမီးကြီးတယောက်က သဘာဝဘေးဖြစ်ပြီးနောက်ပိုင်း စိတ်သောကရောက်နေဆဲ အခြေအနေ ဖြစ်တယ်လို့ ပြောပါတယ်။
“အခုချိန်ထိ စိုးရိမ်နေတုန်းပဲ။ လေပါသွားမလား၊ မိုးလည်းတအားရွာနေရင် ရေလည်းကြီးလာရင် ရေများ တခါပါဦးမလား။ အဲ့လိုမျိုးတွေ အကြိမ်ကြိမ်စိုးရိမ်နေရတယ်။ ညဘက်အိပ်ရင်လည်း စိုးရိမ်တယ်။ သတိနဲ့ အိပ်နေရတယ်။ ညဘက်အိပ်လည်း သတိနဲ့ အိပ်နေရတယ်။ လေလည်း တအားကြမ်းတော့။ တခါမှတော့ မဖြစ်ဖူးဘူးလေ။”
နှစ်ပေါင်း ၂၀၀ နီးပါးအတွင်း အဆိုးရွားဆုံး တောင်ပြို ရေကြီးမှုတွေ ဖြစ်ပွားခဲ့တဲ့ ပင်းတယ တောင်တန်းဒေသမှာ သဘာဝဘေးရဲ့ နောက်ဆက်တွဲ သက်မွေးလုပ်ငန်း အခက်အခဲတွေကို ရင်ဆိုင်နေရပေမဲ့ ထိရောက်တဲ့ အကူအညီတွေ မရရှိသေးပါဘူး။
လက်ရှိမှာလည်း စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ ရေဘေးဒုက္ခတွေကို ခံစားနေရတဲ့ လူပေါင်း ၄ သိန်းကျော်ရှိပြီး စိုက်ပျိုးထားတဲ့ စပါးခင်းတွေလည်း ပျက်စီးဆုံးရှုံးနေပါတယ်။
အဲဒီ ရေဘေးသင့်ဒေသတွေမှာလည်း တနိုင်တပိုင် လှူဒါန်းကြတာတွေ ရှိပေမဲ့ သက်မွေးလုပ်ငန်းတွေ ပြန်လည်ထူထောင်ဖို့အတွက်ကတော့ ပင်းတယ တောင်တန်းဒေသမှာ ဖြစ်ခဲ့တဲ့ မြေပြိုသဘာဝဘေးလိုပဲ စစ်အာဏာရှင်အစိုးရက ရေရေရာရာ ထုတ်ပြန်တာ မရှိသေးပါဘူး။











