
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်အာဏာရှင်တပ်က အရပ်သား ၄ ယောက်ကို ပစ်သတ်ပြီး မရှီကထောင်ရပ်ကွက် လမ်းပေါ်မှာ ဒီနေ့ ဧပြီ ၁၄ ရက်က လာစွန့်ပစ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့်မြို့မှာ သံသယရှိသူတွေကို စစ်တပ်က လိုက်ဖမ်းဆီးပြီး တပ်မကုန်းမှာ စစ်ဆေးနေတာ ဖြစ်ပြီး ဒီနေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ ဖားကန့်မြို့ တပ်မကုန်းကနေ သတ်ဖြတ်ပြီး ဖိုဝီးနစ်ခန်းတွဲနဲ့ အရပ်သား ၄ ယောက်ကို မရှိကထောင်ရပ်ကွက် ရွှေမြန်မာ ဆီဆိုင်လမ်းဆုံအနီးမှာ အစုလိုက်လာပစ်သွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “အဲဒီနားက စစ်ကောင်စီအဖွဲ့ တွေ ဝင်၊ ထွက်နေတဲ့နေရာပါ။ ဘယ်သူမှ မသွားရဲကြပါဘူး အလောင်းကောက်ဖို့။ လူမူရေးအသင့်တွေကတော့ အသင့်ရှိတယ်။ အပုံလိုက် စုပြုံပစ်ချသွားတာ။"လို့ DVB ကိုပြောပါတယ်။
ဖားကန့်မြို့မှ ဆိပ်မူကျေးရွာ သွားလမ်းဖြစ်တဲ့ ဖားကန့်-ဆန်းကြွယ်-ဖားပြင်-ဆိပ်မူသွားလမ်း ဆန်းကြွယ်ရွာထိပ်ကို စစ်တပ်က ပိတ်ထားပါတယ်။
စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ဖားကန့် မရှီကထောင်ရပ်ကွက်နောက်ကျော ဆုတောင်းကုန်းဘက်အခြမ်းမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့်လို့ ဆိုပါတယ်။
သင်္ကြန်အကြိုနေ့ကလည်း မရှီကထောင်ရပ်ကွက်နောက်ကျောမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တနေကုန်တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဒီနေ့ မနက်မှာလည်း တိုက်ပွဲတိုက်ပွဲတွေဆက်ဖြစ်ပြီး နေ့လယ် ပိုင်းမှာတော့ ငြိမ်သက်နေတယ်လို့ ဆိုပါတယ်။










