
မော်ဒယ်အလှမယ် သင်းသင်းကို ဧည့်စာရင်း စစ်မယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့တွေက ရန်ကုန်မြို့ တာမွေမြို့နယ်က နေအိမ်မှာ စစ်ကောင်စီတပ်တွေက ဖေဖော်ဝါရီ ၂၂ ရက် မနေ့ညက လာရောက် ဖမ်းဆီးသွားပါတယ်။
အဖမ်းမခံရခင်မှာ သူ့နေအိမ်တံခါးကို ဧည့်စာရင်းစစ်မယ်ဆိုပြီး ရဲတပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ စစ်သားတွေက အတင်းအကျပ်တွန်းအားပေး ဖွင့်ခိုင်းခဲ့တာကို အလှမယ် သင်းသင်းက ဖေ့စ်ဘွတ်ခ် လိုက်ဖ်လွှင့်ခဲ့ပါတယ်။
အိမ်တံခါး ဖွင့်ပေးလိုက်ချိန်မှာ အလှမယ်သင်းသင်း လိုက်ဖ်လွှင့်နေတဲ့ ဖုန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အတင်းအကျပ် လုယူပြီး ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
အလှမယ် သင်းသင်းကို လာဖမ်းချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာ အမျိုးသမီး ရဲမေ မပါဝင်တာကိုလည်း လိုက်ဖ် ဗွီဒီယိုထဲမှာ မြင်တွေ့ရပါတယ်။
စစ်ကောင်စီဘက်ကတော့ အခုအဖမ်းအဆီးနဲ့ ပက်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်လာပြီး သူ့ကို ရိုက်နှက်သွားတယ်လို့လည်း လိုက်ဖ်ထဲမှာ ထည့်ပြောသွားပါတယ်။
စစ်ကောင်စီဟာ ဖေ့စ်ဘွတ်မှာ ပို့စ်တင်သူတွေကို နေ့စဉ်ဆိုသလို လိုက်လံ ဖမ်းဆီး အရေးယူနေတာဖြစ်ပြီး တလအတွင်း လူပေါင်းရာနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။