DVB Logo
Home
မြန်မာသတင်း
ကနီနှင့် ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား
DVB
·
February 23, 2022
ကနီနှင့် ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း ကနီနဲ့ ပုလဲမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တပ်တွေ နှစ်ရက်တာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကနီမြို့နယ် ငါးဖျက်ရွာ နဲ့ ပန်းဆိုင်ရွာကြားမှာ ဖေဖော်ဝါရီ ၂၂ ရက် မနက် ၇ နာရီလောက်က စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ (KLG PDF) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ KLG PDF တပ်နဲ့ မနက်ခင်း ၇ နာရီမှာ တစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့တယ်။ အဲဒီအကြိမ်မှာ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိတာတွေ၊ သေဆုံးတာတွေ ရှိခဲ့တယ်ဗျာ။ ညနေပိုင်းမှာတော့ ကျနော်တို့ KLG PDF၊ ဒေသတွင်း မဟာမိတ် ၈ ဖွဲ့နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားတယ်။ အဲအကြိမ်မှာလည်း ဒီကောင်တွေဘက်က အကျအဆုံး အထိအခိုက် ၁၀ ကျော်ရှိတယ်။ ဘာကြောင့် ဒီလိုပြောနိုင်တာလဲဆိုတော့ ကျနော်တို့ရဲ့ ကင်းထောက်တွေထားပြီး ကြည့်နေလို့ အခုလိုသိရတာ။ အလောင်းထမ်းပြေးတဲ့သူတွေလည်း ရှိတယ်။ ကျနော်တို့ ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ကတော့ မစိုးရိမ်ရဒဏ်ရာရသူ ၃ ဦးတော့ ရှိခဲ့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဘုတလင်မြို့နယ်၊ ရေဘုတလင်ကနေ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ချိုင်ကျေးရွာကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ကစတင်ပြီး အင်အား ၆၀ ကျော်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ သိရပါတယ်။

ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် KZ က “ကျနော်တို့မြို့နယ်အတွင်း PDF တွေက စတိုက်တာမဟုတ်ဘူးဗျ။ သူတို့က ကျေးရွာတွေကို ဝင်မယ်ဆိုရင် လက်နက်ကြီးတွေနဲ့ ပစ်ဝင်တာဆိုတော့ ကိုယ့်ဘက်ကလည်း ခုခံစစ် ရရာနဲ့ပြန်ချရတာပါ။ ဒီနေ့ဆိုရင်ဒီကောင်တွေ လက်နက်ကြီးနဲ့ပစ်လို့ နတ်ကြီးရွာထဲ လက်နက်ကြီး ကျည် ၅ လုံးကျခဲ့တယ်။ နောက်ဆုံး ဒီကောင်တွေ ဘယ်လောက်ယုတ်မာလဲဆိုတော့ သူတို့လာလို့ ကြောက်ပြီးပြေးတဲ့ ရွာသားတွေကိုပါ လက်နက်ကြီးနဲ့ပစ်ခဲ့တာ။ PDF နဲ့ အရပ်သားနဲ့တော့ ကွဲပြားပါတယ်။ ဒါသက်သက် လက်နက်နဲ့ အနိုင်ကျင့်တာပဲ။ သူတို့က အဲဒီလိုတွေလုပ်လို့ ဒီဘက်ကလည်း ရရာလက်နက်နဲ့ ခုခံစစ်ပြန်လုပ်ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ငါးဖျက်ရွာတိုက်ပွဲမှာ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို ကူးတို့စက်လှေ နှစ်စီးပေါ်တင်ပြီး ကနီမြို့ဘက်ကို ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် နတ်ကြီး၊ မုဌေါ၊ ငါဖျက်၊ ပန်းဆိုင်း၊ ဝက်ချောင်းကြီးကျေးရွာ က ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဒင်ပေါက်ရွာက စိတ်ဝေဒနာရှင်တစ်ဦးနဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က အိုင်တောင် ကမ္ဘာအေး ရွာသားနှစ်ဦးတို့ကို သတ်ဖြတ်ခဲ့သလို ရွာကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့ကလည်း ပုလဲမြို့နယ်အတွင်းရှိ ဇီးဖြူကုန်းကျေးရွာမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဗိုလ်နဂါး ဦးဆောင်တဲ့ တော်ဝင်နဂါးတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ပွဲဟာ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညနေ ၃ နာရီလောက်ကနေ ည ၁၂ နာရီလောက်အထိ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရဲဘော်တစ်ဦးက “အဲဒီရွာက စစ်ဘောမတဲ့ ကောင်တွေဗျ။ အရင် ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း ကျနော်တို့ ထန်းတောတိုက်ရွာလေးကို ဇီးဖြူကုန်းသားတွေ လာပြီး‌ မီးရှို့တာတွေ လုပ်ခဲ့သေးတယ်။ ပြောရရင် စစ်ကောင်စီ လက်ပါးစေတွေနေတဲ့ ရွာဗျ။ အခုလို ဗိုလ်နဂါး ဦးဆောင်တဲ့တပ်က ဝင်တိုက်တော့ ဝမ်းသာတယ်ဗျာ။ စစ်ကောင်စီတပ်ဘက်က ပုလဲကနေ တပ်ကူလာတာတော့ ရှိတယ်။ လာတော့လည်း သူတို့ဘက်ကရှုံးတာပဲ” လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင် အများအပြားကျဆုံးပြီး ဒေသခံပြည်သူ့ကာကွယ်ရေးဘက်က ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာ အောင်ဆန်းတပ်ဖွဲ့၊ ပုံတောင်တိုက်ဂါးတပ်ဖွဲ့၊ မဟာမိတ်တပ်ပေါင်းစု ပ.က.ဖ တပ်၊ သံမဏိတပ်ဖွဲ့နဲ့ ဗိုလ်နဂါး ဦး‌ဆောင်တဲ့ တော်ဝင်နဂါးတပ်တို့ ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013