
ဇွန် ၁၄ ရက်မှာ ကျင်းပမဲ့ အမေရိကန်လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်ပွဲအတွက် အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်မှာ UFC ထိုးသတ်ပွဲ ကျင်းပဖို့ သံဇကာ (ဆန်ခါ) ကြိုးဝိုင်းတခု ဆောက်လုပ်နေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ ဒါဟာ အိမ်ဖြူတော်ရှေ့မှာ ကျင်းပမဲ့ UFC ရဲ့ အကြီးကျယ်ဆုံးပွဲစဉ် ဖြစ်လာမယ်လို့ ပြောပါတယ်။
UFC Freedom 250 လို့ အမည်ပေးထားတဲ့ ဒီပွဲအတွက် UFC ဘက်က အမေရိကန်ဒေါ်လာ သန်း ၆၀ လောက် အကုန်အကျခံသွားမှာပါ။
ဒီပွဲမှာ ချန်ပီယံလုပွဲ ၂ ပွဲ ပါဝင်မှာဖြစ်ပြီး ဘရာဇီးလ်က အဲလက်စ်ပါရဲရားနဲ့ ပြင်သစ်က ဆီယာရီးလ် ဂန်းတို့ဟာ ဟဲဗီးဝိတ်တန်းအတွက် ယှဉ်ပြိုင်ကြမှာပါ။
ဂျော်ဂျီယာက အီလီယာ တိုပူရီယာနဲ့ လက်ရှိ ယာယီချန်ပီယံ ဂျပ်စတင် ဂေဂျီ တို့ကတော့ လိုက်ဖ်ဝိတ်တန်းအတွက် ထိုးသတ်ကြမှာ ဖြစ်ပါတယ်။
ဒီပွဲကို စစ်မှုထမ်းအများစု ပါဝင်တဲ့ ပရိသတ် ၄,၃၀၀ က အိမ်ဖြူတော်မှာ ကြည့်ရှုကြမယ်လို့ UFC ဥက္ကဋ္ဌ ဒါနာဝှိုက်က ပြောပါတယ်။
အနီးအနားက Ellipse ပန်းခြံမှာ ကြည့်ရှုဖို့ အများပြည်သူအတွက် လက်မှတ်ပေါင်း ၈၅,၀၀၀ ကို အခမဲ့ ပေးဝေသွားမှာဖြစ်ပေမဲ့ အထူးဧည့်သည်တွေအတွက် VIP လက်မှတ်တွေကတော့ အမေရိကန်ဒေါ်လာ ၁ သန်းခွဲအထိ ရှိနိုင်တယ်လို့ သတင်းထောက် အရီယယ်ဟယ်ဝါနီက ဆိုပါတယ်။
ဒီပွဲကနေ အကျိုးအမြတ်ရယူမှာ မဟုတ်ဘဲ ရေရှည်ရင်းနှီးမြှုပ်နှံမှုတခုအဖြစ်သာ လုပ်ဆောင်တာလို့ TKO Group ရဲ့ ဥက္ကဋ္ဌ မာ့ခ် ရှာပီရိုက ရှင်းပြပါတယ်။
ဒါဟာ အိမ်ဖြူတော် သမိုင်းတလျှောက် ပထမဆုံးအကြိမ် ကျင်းပတဲ့ ကြေးစား အားကစားပွဲစဉ်လည်း ဖြစ်ပါတယ်။
ထရမ့်ပ်အစိုးရလက်ထက်မှာ အိမ်ဖြူတော်ကို ပြန်လည်ပြုပြင်မွမ်းမံမှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး အခု UFC ပွဲဟာလည်း အဲဒီစီမံကိန်းတွေထဲက တခုဖြစ်ပါတယ်။










