ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ လွယ်ပါသာ ဘုရားတောင်နဲ့ ကုန်းဆုံးဘုရားတောင်တို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဖယ်ခုံ PDF နဲ့ မဟာမိတ်အဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက် ဒီကနေ့ မနက် ၆ နာရီလောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း သေဆုံးတယ်လို့ ဖယ်ခုံ PDF က သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း ဖယ်ခုံ PDF နဲ့ ပူးပေါင်းတပ်တို့က လက်နက်ကြီး BA 100 တလှည့်၊ MA နှစ်လက်အပြင် ကျည်တွေနဲ့ စစ်သုံးပစ္စည်းတွေကို သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“လွယ်ပါတောင်ဆိုတာ ဖယ်ခုံမြို့ကနေ တမိုင်လောက်ရှိတဲ့ရွာပေါ့။ အဲဒီတောင်ပေါ်မှာ တပ်စွဲထားတဲ့တပ်ကို တပ်မ ၅၅ ရဲ့ လက်အောက် ခလရ ၇ လို့ သိရတယ်။ အဲဒီတပ်က တပ်စွဲထားတဲ့တပ်ကို ကျနော်တို့ ဖယ်ခုံ PDF က ဝင်တိုက်တာဗျာ။ သူတို့ရဲ့စခန်းထဲကို ဝင်ပစ်တာပေါ့။ စခန်းထဲအထိရောက်တယ်။ ကျနော်တို့စခန်းထဲ ရောက်တဲ့အချိန် သူတို့က စခန်းအပြင်ဘက်ကို သူတို့က ထွက်ပြေးတယ်။ ကျနော်တို့က သူတိုစခန်းတွင်းဘက်ကနေပြီး အပြင်ကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြန်ပြီးတော့ တိုက်ကြတာပေါ့။”
တိုက်ပွဲကြောင့် ဖယ်ခုံ PDF က ရဲဘော် ၃ ဦးဒဏ်ရာရပြီး ၁ ဦးက စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒီတိုက်ပွဲဖြစ်ပြီးနောက် ဖယ်ခုံဒေသတဝိုက်ကိုလည်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ လှမ်းပြီး ပစ်ခတ်တိုက်နေတာလို့ ပြောပါတယ်။