
အမေရိကန် ဗဟိုစစ်ဌာနချုပ်ဟာ ဧပြီ ၂၀ ရက်မှာ အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တွေ သိမ်းဆည်း လိုက်တဲ့ အီရန်အလံတင် တူးစ်ကာ ကွန်တိန်နာသင်္ဘောအနီး အာရေဗျပင်လယ်ပြင်မှာ အမေရိကန် တပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေတဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ပါတယ်။
အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူခံထားရတဲ့ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ သင်္ဘောလိုင်း (IRISL) အုပ်စုဝင်ဖြစ်တဲ့ ဒီကွန်တိန်နာသင်္ဘောငယ်ဟာ တနင်္ဂနွေနေ့က အိုမန်ပင်လယ်ကွေ့ထဲက အီရန်နိုင်ငံ ချာဘဟာ ဆိပ်ကမ်းရဲ့ ကမ်းလွန်မှာ စီးနင်းခံခဲ့ရတာဖြစ်ပြီး Marine Traffic ရဲ့ သင်္ဘောခြေရာခံ အချက်အလက်တွေအရ နောက်ဆုံး တည်နေရာကို ဂရင်းနစ်စံတော်ချိန် ၁၃:၀၈ နာရီမှာ ပြခဲ့ပါတယ်။
အဲဒီသင်္ဘောကို ဧပြီ ၁၉ ရက်မှာ အမေရိကန် မရိန်းတပ်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး သင်္ဘောပေါ်ကို USS ထရီပိုလီက မရိန်းတပ်တွေ ဟယ်လီကော့ပ်တာနဲ့ ထွက်ခွာပြီး သွားရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီနောက် USS Spruance စစ်သင်္ဘောက သင်္ဘောရဲ့ မောင်းနှင်မှုကို ရပ်တန့်အောင် လုပ်ဆောင်ခဲ့ပြီးတော့ မရိန်းတပ်တွေက ကြိုးနဲ့ဆင်းဝင်ကာ သင်္ဘောကို ထိန်းချုပ်ခဲ့တာဖြစ်တယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်ရဲ့ လူမှုကွန်ရက် X ပို့စ်တွေမှာ ဖော်ပြထားပါတယ်။
အမေရိကန် ဗဟိုစစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်အရ တူးစ်ကာသင်္ဘောရဲ့ သင်္ဘောသားတွေဟာ ၆ နာရီကြာအောင် အကြိမ်ကြိမ် သတိပေးတာကို လိုက်နာဖို့ ပျက်ကွက်ခဲ့သလို ဒီသင်္ဘောဟာ အမေရိကန်ရဲ့ ပိတ်ဆို့ကန့်သတ်မှုကို ချိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ်။
ရေကြောင်းလုံခြုံရေး သတင်းရင်းမြစ်တွေကတော့ သင်္ဘောပေါ်မှာ စစ်ရေးအတွက်ပါ အသုံးပြုနိုင်တဲ့ “dual-use” ပစ္စည်းတွေ ပါနိုင်တယ်လို့ သံသယရှိကြောင်း ပြောကြားထားပြီး ရိုက်တာကတော့ ထုတ်ပြန်ထားတဲ့ ဓာတ်ပုံ/ဗီဒီယိုတွေ ရိုက်ကူးချိန်နဲ့ တည်နေရာကို သီးသန့် အတည်မပြုနိုင်သေးဘူးလို့ ဖော်ပြထားတယ်။
Source: Reuters











