
ရခိုင်ပြည်နယ်၊ အဉ္ဇနပူရမြို့ (မင်းပြားမြို့) မှာ ဇူလိုင်လ အစောပိုင်းက မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျပြီး နေအိမ်တွေ ပျက်စီးသွားတဲ့ အိမ်ထောင်စု ၃၈ စုကို ဇူလိုင် ၃၀ ရက်မှာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ((ULA) က ငွေကြေးထောက်ပံ့ခဲ့တယ်လို့ မင်းပြားမြို့ခံတွေဆီက သိရပါတယ်။
အဉ္ဇနပူရမြို့မှာ ဇူလိုင် ၇ ရက်ကနေ ၁၃ ရက်အထိ ရေကြီး၊ ရေလျှံ ဖြစ်ပွားပြီး မြစ်ရေတိုက်စားမှုကြောင့် နေအိမ်တွေ ပျက်စီးသွားတဲ့ မင်းဘာကြီးရပ်ကွက်၊ ဦးစိုးတင့်ရပ်ကွက်၊ ပြည်တော်သာရပ်ကွက်နဲ့ ဥက္ကာပျံရပ်ကွက်တို့က နေအိမ် ၃၈ ဆောင်အတွက် တအိမ်ထောင်ကို ငွေကျပ် ၈ သိန်းနှုန်းနဲ့ ထောက်ပံ့ပေးခဲ့တာလို့ အဉ္ဇနပူရခရိုင် ULA/AA နဲ့ နီးစပ်သူ အမျိုးသားတယောက်က ပြောပါတယ်။
“ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် အနေနဲ့ အဉ္ဇနပူရမြို့(မင်းပြား) က မြစ်ရေတိုက်စားမှုကြောင့် မြေပြိုလို့ နေအိမ်ထိခိုက် ပျက်စီးသွားတဲ့ အိမ်ထောင်စုတွေကို တအိမ်ထောင် ငွေ ၈ သိန်းနှုန်းနဲ့ အိမ်ထောင်စု ၃၈ စုကို ကူညီထောက်ပံ့ခဲ့တာရှိတယ်။ အဓိက ဆုံးရှုံးပျက်စီးသွားတဲ့ မိသားစုတွေကို အရေးပေါ် နေထိုင်စားသောက်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ပေးတာမျိုးပါ။”
လက်ရှိ ကူညီထောက်ပံ့မှုကို ရရှိခဲ့တဲ့ မိသားစုတွေမှာ လုံးဝ အိမ်ပျက်စီးသွားတဲ့သူတွေ ဖြစ်ကြပြီး အဉ္ဇနပူရမြို့ ဦးစိုးတင့်ရပ်ကွက်က ၁၆ ဆောင်၊ ပြည်တော်သာရပ်ကွက်က အဆောင် ၂၀၊ မင်းဘာကြီးရပ်ကွက်က ၁ ဆောင်နဲ့ ဥက္ကာပျံရပ်ကွက် ၁ ဆောင်တို့အတွက် ထောက်ပံ့ငွေ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကမ်းပါးပြိုကျမှုကြောင့် တဝက်တပျက် ပျက်စီးခဲ့တဲ့ နေအိမ်တွေလည်း ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ဘက်က ဆက်လက်ထောက်ပံ့ပေးသွားမဲ့ အစီအစဉ်တွေ ရှိသေးတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
လက်ရှိမှာ ကမ်းပါးပြိုကျမှုကြောင့် နေအိမ်တွေ ပျက်စီးသွားတဲ့ မိသားစုဝင်တချို့ဟာ နေစရာမရှိသေးတာကြောင့် နီးစပ်ရာ ဆွေမျိုးအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ယာယီခိုလှုံနေကြရတာမျိုးတွေလည်း ရှိတယ်လို့ အဉ္ဇနပူရမြို့ခံတွေက ပြောပါတယ်။
အဉ္ဇနပူရမြို့မှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရပြီး အရင်အစိုးရတွေ လက်ထက်တုန်းက ကမ်းထိန်းနံရံတွေ ပြုလုပ်ပေးခဲ့ပေမဲ့လည်း ခိုင်ခန့်မှုမရှိတာကြောင့် မိုးရာသီရောက်ရင် ပျက်စီးသွားကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လက်ရှိ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ဘက်က တအိမ်ထောင်ကို ငွေ ၈ သိန်း ထောက်ပံ့မှု ပြုလုပ်တာဟာ နေအိမ်ပျက်စီးဆုံးရှုံးသွားသူတွေအတွက် အထောက်အပံ့တခုခု ဖြစ်စေတယ်လို့ အဉ္ဇနပူရမြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“မြေပြိုလို့ အိမ်ပျက်စီးသွားကြသူတွေအတွက်တော့ ငွေ ၈ သိန်းဆိုရင်လည်း တခုခုတော့ အခုအခံရတာပေါ့။ လက်ရှိခေတ်အရ ငွေ ၈ သိန်းက ဘာမှမဟုတ်ပေမဲ့လည်း အကူအညီ မရတာထက်စာရင် အထောက်အပံ့တခု ဖြစ်တာပေါ့။ ဒါပေမဲ့ အခုလို အသေးစား ထောက်ပံ့လိုက်တာထက်စာရင် သူတို့ရဲ့ အိမ်ခြံမြေတွေ စနစ်တကျ ပြန်လည်ထူထောင်နိုင်ဖို့ အစိုးရဘက်က ဖန်တီးပေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။”
လက်ရှိ လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုကို ထိန်းသိမ်းနိုင်ဖို့ အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ အနေနဲ့ စနစ်တကျ ရေလမ်းကြောင်း လွှဲပေးတာမျိုးတွေ ပြုလုပ်သင့်တယ်လို့ အဉ္ဇနပူရမြို့ခံတွေက ထောက်ပြမှုတွေ ရှိနေပါတယ်။
ရခိုင်ပြည်နယ်က မင်းပြားမြို့ကို အဉ္ဇနပူရမြို့အဖြစ် ဇူလိုင် ၂၈ ရက်မှာ အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရက တရားဝင် အမည်ပြောင်းလိုက်တာလည်း ဖြစ်ပါတယ်။










