DVB Logo
Home
မြန်မာသတင်း
လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်ဖြင့် မြန်မာအပေါ် ဂမ်ဘီယာက တရားစွဲခွင့်မရှိဟု စစ်ကောင်စီ ကိုယ်စားလှယ် ICJ တွင် ခုခံ လျှောက်လဲ
DVB
·
February 21, 2022
လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်ဖြင့် မြန်မာအပေါ် ဂမ်ဘီယာက တရားစွဲခွင့်မရှိဟု  စစ်ကောင်စီ ကိုယ်စားလှယ် ICJ တွင် ခုခံ လျှောက်လဲ
1 / 12
Donate to DVB

ဂမ်ဘီယာနိုင်ငံအနေနဲ့ မြန်မာအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ တရားစွဲဆိုစရာအခြေခံအကြောင်းအရင်းမရှိတဲ့ အကြောင်း စစ်ကောင်စီကိုယ်စားလှယ်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ခုခံလျှောက်လဲလိုက်ပါတယ်။ 

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက  မြန်မာနိုင်ငံအပေါ် တစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်လို့ ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက်က  နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဒုတိယအကြိမ်မြောက် ကြားနာရာမှ စစ်ကောင်စီကိုယ်စားလှယ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်က တရားရုံးမှာလျှောက်လဲသွားတာဖြစ်ပါတယ်။

သမိုင်းကြောင်းရှည်ကြာရှိခဲ့တဲ့ ရခိုင်ပြည်နယ်ပြဿနာကို ဖြေရှင်းဖို့ မြန်မာအနေနဲ့ ဆက်လက်ပြီး သံန္နိဋ္ဌာန်ချထားတယ်၊ ကိုလိုနီခေတ်ရဲ့  အကျိုးဆက်ဖြစ်တဲ့ ရှုပ်ထွေးတဲ့ ဒီပြဿနာကို ငြိမ်းချမ်းတဲ့နည်းလမ်းတွေဖြစ်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ပြန်လည်သင့်မြတ်ရေးတွေနဲ့ဖြေရှင်းဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့လည်း ဦးကိုကိုလှိုင်ကပြောပါတယ်။ 

ဒါ့ပြင် ရခိုင်ပြည်နယ်ထဲက  အိုင်ဒီပီတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့ကြောင်း  အိုင်ဒီပီစခန်းတွေပိတ်ဖို့နဲ့ အိုင်ဒီပီတွေ နေရပ်ပြန်လာပြီး သူတို့ရဲ့ ပုံမှန်ဘဝပြန်ရစေဖို့ အစီအစဉ်တွေကို  ဘင်္ဂလာဒေ့ရှ်၊ တရုတ်တို့နဲ့ သုံးပွင့်ဆိုင် ဆွေးနွေး လုပ်ဆောင်နေတယ်လို့လည်း စစ်ကောင်စီ ကိုယ်စားလှယ်က ပြောပါတယ်။

ဒီကြားနာပွဲကိုတက်ရောက်ဖို့ အာဏာသိမ်း စစ်ကောင်စီက  မြန်မာနိုင်ငံ ကိုယ်စားလှယ် (Agent) အဖြစ် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ပူးတွဲကိုယ်စားလှယ် (Alternate Agent) ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ကို နယ်သာလန်နိုင်ငံသို့ စေလွှတ်ထားတာပါ။ 

အဆိုပါကြားနာမှုမှာ  စစ်ကောင်စီငှားထားတဲ့ နိုင်ငံတကာရှေ့နေ ၃ ဦးကလည်း ဒီအမှုကို ဥပဒေကြောင်းအရ ICJ အနေနဲ့ လက်ခံကြားနာစစ်ဆေးဖို့ မသင့်ကြောင်း၊ ဂမ်ဘီယာဟာ အိုအိုင်စီ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ခိုင်းစေချက်အရ လုပ်ဆောင်ခဲ့တာဖြစ်ပြီး တရားစွဲဆိုခွင့် မရှိတဲ့အကြောင်း မြန်မာနိုင်ငံက တင်သွင်းခဲ့တဲ့  ကနဦး ကန့်ကွက်ချက်နဲ့ ပတ်သက်လို့ တရားရုံးကို တင်ပြလျှောက်လဲသွားခဲ့ကြပါတယ်။

ဒီအမှုကို ၅၇ နိုင်ငံ ပါဝင်တဲ့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ ကနေဒါနဲ့ နယ်သာလန်တို့က ကျောထောက်နောက်ခံ ပြုထားတာလည်း ဖြစ်ပါတယ်။

ဒီကြားနာမှုမှာ မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်ခွင့်ရဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရော စစ်ကောင်စီဘက်ကပါ  အပြိုင်ကြိုးစားခဲ့ပေမဲ့ တရားရုံးက NGU ဘက်ကို အကြောင်းမပြန်ဘဲ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမှာရှိတဲ့ မြန်မာသံရုံးကတဆင့် စစ်ကောင်စီကိုယ်စားလှယ်တွေကို   ဆင့်ခေါ်စာပို့ကာ တရားရုံးမှာလာရောက် လျှောက်လဲခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ICJ တရားရုံးရှေ့ကို ရောက်လာခဲ့တဲ့ NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကတော့  စစ်အုပ်စုဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ အစိုးရ မဟုတ်တဲ့အတွက်  လက်ခံကြားနာခွင့်ပြုတဲ့ ICJ တရားရုံးကို လည်း ကန့်ကွက်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“သူတို့လာရောက်ပြီး ကိုယ်စားပြုတာကို လုံးဝလက်မခံဘူး။ ဒါနဲ့ပတ်သက်ပြီးတော့ ICJ ကိုလည်း လက်မခံဘူးဆိုတာ ကျနော်တို့ ဆက်လက်ပြီးတော့ တောင်းဆိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော တချိန်တည်းမှာပဲ နိုင်ငံတခုရဲ့ ဂုဏ်သိက္ခာကိုထိခိုက်တဲ့ အရာမျိုးဆိုတဲ့ဟာမျိုးမဟုတ်ဘဲ၊   ဂုဏ်သိက္ခာအတိုင်း အမှန်တရားကိုဖော်ဆောင်နိုင်ဖို့၊ တရားမျှတမှုကို ဖော်ဆောင်သော နိုင်ငံသူနိုင်ငံသားအဖြစ် လက်တွဲပူးပေါင်းဆောင်ရွက်ပါမယ်။ အန်ယူဂျီဘက်က ဆက်လက်ပြီးတော့ ကိုယ်စားပြုမှု အပါအဝင် အမှန်တရားဖော်ဆောင်ဖို့အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အန်ယူဂျီအစိုးရဟာ ပြည်သူ့အစိုးရဖြစ်ပါတယ်။ ပြည်သူတွေရဲ့ လူ့အခွင့်အရေးကို မြှင့်တင်ကာကွယ်ပေးမယ့် အစိုးရဖြစ်ပါတယ်။ အမှန်တရားဖော်ဆောင်မယ့်အစိုးရဖြစ်ပါတယ်” လို့ ပြောပါတယ်။

တရားရုံးရှိဟာ သည်ဟိတ်မြို့မှာတော့ ဒီကနေ့ ရာသီဥတု ဆိုးရွားတဲ့ကြားက တရားရုံးရှေ့ကို ပြည်ပရောက် မြန်မာနိုင်ငံသား အယောက် ၃၀ လောက် ရောက်လာပြီး  NUG အစိုးရကို ထောက်ခံ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေအတွက် ကုသိုလ်ဒါနပြု ဆွမ်းကျွေးဆုတောင်းပွဲနဲ့ NUG အစိုးရ အထူးငွေတိုက်စာချုပ် ရောင်းချပွဲကိုလည်း နယ်သာလန်မှာ သီတင်းသုံးတော်မူတဲ့ ဆရာတော် ဒေါက်တာအရှင် စန္ဒာဝရနဲ့ နော်ဝေဆရာတော် အရှင်ထာဝရတို့က ဦးဆောင်ပြုလုပ်ခဲ့ကြပါတယ်။

နယ်သာလန်နိုင်ငံမှာ ရာသီဥတုဆိုးဝါးနေတာမို့ ကားရထားတွေ မထွက်နိုင်တဲ့ကြားက နယ်သာလန်ရောက် မြန်မာနိုင်ငံဿားတွေဟာ နွေဦးတော်လှန်ရေးအတွက် လာရောက် ပါဝင်လှူဒါန်းခဲ့ကြပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာကို  အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ  ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide)ကို ကျူးလွန်ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး ဒုတိယအကြိမ် ကြားနာမှုကို ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၈ ရက်အထိ ပြုလုပ်နေတာဖြစ်ပါတယ်။

ဒီကနေ့ မြန်မာဘက်က လျှောက်မှုအပြီးမှာ   ဖေဖော်ဝါရီ ၂၃ ရက်မှာ  ဂမ်ဘီယာဘက်က လျှောက်လဲ ချက်ပေးမှာဖြစ်ကာ ဖေဖော်ဝါရီ ၂၅ ရက်မှာ မြန်မာဘက်က ဒုတိယအကျော့ လျှောက်လဲဖို့ အစီအစဉ်ရှိပါတယ်။ 

ဒီအမှုကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ပထမအကြိမ် စတင်ကြားနာချိန်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက်ပြီး ခုခံ လျှောက်လဲခဲ့ပါတယ်။  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013